NLD သက်တော်ရှည်နာယကကြီး သူရ ဦးတင်ဦး ၉၈ နှစ်မှာကွယ်လွန်

Author ကိုထားဝယ်၊ အညာသား
Categories
Published on Jun 01, 2024

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ သက်တော်ရှည်နာယကကြီးတစ်ဦးဖြစ်တဲ့ သူရ ဦးတင်ဦးဟာ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်(ICU)မှာ ကုသမှုခံယူနေရင်း ဒီနေ့မနက် ၈ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သူ့ရဲ့မိသားစုနဲ့ NLD ပါတီအသိုင်းအဝိုင်းတို့ဆီကနေ သိရပါတယ်။

 

NLD ပါတီတည်ထောင်သူတွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့သူဟာ အသက် ၉၈ နှစ်အရွယ်မှာ နာတာရှည် နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဘွဲ့ရထားသူဟာ ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့က ကျန်းမာရေးစိုးရိမ်ရတဲ့အနေအထားမလို့ ရန်ကုန်ပြည်သူ့‌ဆေးရုံကြီးကို တင်ထားတဲ့အကြောင်း သူ့မိသားစုနဲ့နီးစပ်သူတွေက သက်ဆိုင်ရာလူမှုကွန်ရက်တွေကနေတစ်ဆင့် အသိပေးထားကြပါတယ်။

 

အဲဒီနေ့က ICC ကနေ အသက်အန္တရာယ်အခြေအနေစိုးရိမ်ရတာကြောင့် ICU Ward ထဲကို ပို့ဆောင်ကုသခဲ့ရတယ်လို့ သူ့မိသားစုနဲ့နီးစပ်သူတစ်ဦးလည်းဖြစ်၊ သူ့ကို အနီးကပ်ပြုစုနေသူတစ်ဦးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားခဲ့တာ တွေ့ရပါတယ်။

 

အဲဒီနောက် ဆေးရုံတက်ပြီး လေးရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့ ဇွန်လ ၁ ရက် မနက်ပိုင်းမှာတော့ အသက်ကယ်ဆေးထိုးပေမဲ့လည်း ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။

 

သူဟာ ၂၀၁၇ ခုနှစ်တုန်းက နေအိမ် ရေချိုးခန်းထဲ ချော်လဲခဲ့ပြီးနောက် လေဖြတ်ခဲ့လို့ ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုတွေ ခံယူနေခဲ့ရပါတယ်။

 

ဦးတင်ဦးဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလောကထဲ ဩဇာကြီးမားသူတစ်ဦးဖြစ်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလောကထဲ ဝင်ရောက်လာအောင် စည်းရုံးခဲ့သူတွေထဲက တစ်ဦးဖြစ်ပါတယ်။

 

ဗိုလ်ချုပ်ကြီး ဦးတင်ဦးဟာ ၁၉၇၄ ခုနှစ် မတ်လမှ ၁၉၇၆ ခုနှစ် မတ်လအထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူရဲကောင်းဘွဲ့တွေဖြစ်တဲ့ ဇေယျကျော်ထင်နဲ့ သူရဘွဲ့ရရှိခဲ့ပါတယ်။

 

၁၉၈၉ ခုနှစ် ဒီဇင်ဘာလအထိ တစ်နှစ်ကြာ NLD ပါတီ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။

 

Related News

Depend on news