စစ်ကောင်စီ တပ်စွဲထားတဲ့ မတူပီခရိုင်ရုံးကို တိုက်ခိုက်သိမ်းပိုက်

Author ဆလိုင်း
Categories
Published on May 31, 2024

ချင်းပြည်၊ မတူပီမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားတဲ့ ခရိုင်ရုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိထားတယ်လို့ CDF(Matupi) တပ်မဟာ(၂) Vakok တပ်ရင်းက မနေ့ မေလ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

 

စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ကျော်နဲ့ တပ်စွဲထားတဲ့ မတူပီ ခရိုင်ရုံးကို မနေ့ မနက်အစောပိုင်းက စတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၁၀ နာရီဝန်းကျင်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်ထဲ ဖော်ပြထားချက်အရ သိရပါတယ်။

 

အဲဒီတိုက်ပွဲတွင်း စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးများသလို CDF(Matupi)တပ်မဟာ ၂ မှ ရဲဘော်တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ဒီနေ့မနက် အစောပိုင်းမှာ ခရိုင်ရုံးကို သွားရောက်တိုက်ခိုက်တာဖြစ်တယ်။ မနက် ၁၀ နာရီလောက်မှာ ခရိုင်ရုံးကို သိမ်းပိုက်ရရှိထားပါတယ်။ စစ်ကောင်စီဘက်က အထိအခိုက်သေဆုံးမှုစာရင်းအတိအကျ မသိရသေးဘူး။ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ယောက် မိုင်းနင်းလို့ ဒဏ်ရာရတယ်” လို့ သူက ဆိုပါတယ်။

 

တိုက်ပွဲတွင်း စစ်ကောင်စီထံမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှု စာရင်းအသေးစိတ်ကို ထပ်မံထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

 

အဲဒီ မတူပီခရိုင်ရုံးဟာ မတူပီ-ဟားခါးလမ်းမပေါ်က ငလိုင်ရွာနဲ့ ဖနိုင်ရွာကြားမှာ တည်ရှိတာဖြစ်ပြီး တိုက်ပွဲအပြီးမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဖနိုင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေထံ ထွက်ပြေးပူးပေါင်းသွားတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီ တပ်စွဲထားတဲ့ ခရိုင်ရုံးဟာ မတူပီ ဗျူဟာကုန်း တပ်စခန်းအတွက် အရေးပါတဲ့ ခံစစ်ဖြစ်သလို ဗျူဟာကုန်းကို တိုက်ရိုက်တိုက်ခိုက်နိုင်ဖို့အတွက် အရေးပါတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။

 

CDF-Matupi တပ်ရင်း ၂ အနေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်ဖို့ ရှိနေတာကြောင့် ပြည်သူများအနေနဲ့ ဆေးဝါး၊ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီပေးဖို့ တောင်းဆိုထားပါတယ်။

 

ဓာတ်ပုံ – ပေးပို့