ရေကြီးမြေပြိုမှုကြောင့် မီဇိုရမ်ရှိ မြန်မာစစ်ဘေးရှောင်စခန်းက နေအိမ်တွေရေမြုပ်တဲ့အပြင် ၁၂ ဦးသေဆုံး၊ ဆန်တစ်ဘူး လူငါးယောက်မျှစားနေရ


မြန်မာစစ်ဘေးရှောင်တွေနေထိုင်ရာ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်မှာရှိတဲ့ ကာကီကျေးရွာက Kaki Camp ဟာ Remal ဆိုင်ကလုန်းမုန်းတိုင်းကြောင့် ရေကြီး ၊မြေပြိုမှုဒဏ်ခံခဲ့ရလို့ နေအိမ်တချို့ ပျက်စီးသလို ၁၂ ဦးသေဆုံးခဲ့တဲ့အပြင် ဆန်တစ်ဘူးကို လူငါးယောက်မျှဝေစားသောက်နေရတယ်လို့ ဒေသခံတွေဆီ ကသိရပါတယ်။

 

မေလ ၂၇ ရက် ညနေကစတင်ပြီး မြစ်ရေအတက်မြန်လာတာကြောင့် နောက်တစ်ရက် မေ ၂၈ ရက်မှာ နေအိမ် ဆယ်လုံးလောက်  ရေစီးနဲ့မျောပါသွားခဲ့တယ်လို့ သိရပါတယ်။

 

“မြစ်ရေက အတက်အကျအရမ်းမြန်တယ်။  ၂၇ ရက် ညကနေ ၂၈ ရက် တစ်နေ့လုံးလည်း မီးတွေပျက်နေတာ။ တစ်နေရာတည်းမဟုတ်ဘဲ တခြားနေရာတွေမှာလည်းဖြစ်တယ်။ သေတာတွေလည်း တော်တော်များတယ်” လို့ အဲဒီက စစ်ဘေးရှောင်တစ်ဦးက CJ Platform ကိုပြောပါတယ်။

 

အဲဒီလိုပျက်စီးသွားတဲ့အထဲမှာ စစ်ဘေးရှောင်တွေခက်ခက်ခဲခဲတည်ဆောက်ထားခဲ့တဲ့ စာသင်ကျောင်းလည်း ပျက်စီးမှုတချို့ရှိခဲ့ပြီး ရေအတက်မြန်လာတဲ့အတွက် မိုးရေတွေထဲ အလျင်အမြန်ပြောင်းရွှေ့ခဲ့ရတာကြောင့် ထင်းတွေပါရေစိုခဲ့လို့ စားနပ်ရိက္ခာနဲ့ ချက်ပြုတ်စားသောက်ဖို့ အခက်အခဲဖြစ်ကာ ဒုက္ခရောက် နေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ မုန်တိုင်းဒဏ်ကြောင့် လူ ၃၀ ဦးထက်မနည်း သေဆုံးခဲ့တဲ့အပြင် ပျောက်ဆုံးနေသူတွေလည်းရှိနေသေးတယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

အဲဒီပြည်နယ်ထဲက ရေကြီးမြေပြိုမှုတွေမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးဖို့အတွက် ကူညီကယ်ဆယ်ရေးတချို့ ရောက်ရှိလာခဲ့ပြီလို့လည်း အဲဒီက စစ်ဘေးရှောင်တစ်ဦးဆီကနေ စုံစမ်းသိရပါတယ်။

 

“Kaki Camp စစ်ဘေးရှောင်စခန်းမှာ အတော်လေးခက်ခဲနေပါတယ်။ တချို့ဆို ဆန်တစ်ဘူးကို ငါးယောက်မျှစားနေရတဲ့ အခြေအနေမျိုးပါ” လို့  စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးကလည်း CJ Platform ကိုပြောပါတယ်။

 

Kaki Camp စစ်ဘေးရှောင်စခန်းမှာတော့ နေအိမ်တွေပြန်လည်တည်ဆောက်ဖို့ လိုအပ်နေတဲ့အပြင် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ ချက်ပြုတ်ဖို့ ထင်းလိုမျိုးလောင်စာတွေလိုအပ်နေပြီး မိုးရွာနေတာကြောင့် မိုးကာတွေလည်း အရေးပေါ်လိုအပ်နေသေးတယ်လို့ စစ်ဘေးရှောင် အရေးကူညီနေသူတစ်ဦးက ဆက်ပြောပါတယ်။

 

အာဏာမသိမ်းခင်ကာလကတည်းက ပလက်ဝဒေသမှာ ရက္ခိုင်တပ်တော် AA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေမကြာခဏ ဖြစ်ပွားလေ့ရှိသဖြင့် Kaki Camp စစ်ဘေးရှောင်စခန်းဆီ ဒေသခံတချို့ သွားရောက်တိမ်းရှောင်ခဲ့ကြရပြီး အာဏာသိမ်းပြီးနောက် ပြောင်းရွှေ့နေထိုင်ရသူတွေ ပိုတိုးလာခဲ့တယ်လို့လည်း သိရပါတယ်။

 

အရင်နှစ်ကုန်ပိုင်းနဲ့ ဒီနှစ်အစပိုင်းတွေမှာ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီး ပလက်ဝမြို့သိမ်းတိုက်ပွဲကြောင့်လည်း စစ်ရှောင်သူတွေ ထပ်မံ‌များပြားလာခဲ့ပါတယ်။ Kaki Camp စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ ၄၀၀ ကျော်အထိနေထိုင်ကြတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – ကာကီစစ်ဘေးရှောင်စခန်းက ရေမြုပ်နေတဲ့ စစ်ဘေးရှောင်အိမ်များကိုတွေ့ရစဉ်