ဖုန်းစစ်ခံရရာကနေ စစ်ကောင်စီ ဖမ်းခံရတဲ့ အမ်းက အသက် ၂၀ လူငယ် တစ်လကြာတဲ့အထိ အဆက်အသွယ်မရ

Author ဆလိုင်း
Categories
Published on May 28, 2024

ရခိုင်ပြည်၊ အမ်းမြို့နယ်ကနေ စစ်ကောင်စီရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ ချင်းလူငယ် တစ်ဦး တစ်လကြာတဲ့အထိ အဆက်အသွယ်ပြတ်နေတယ်လို့ သူ့ရဲ့မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ ည ၁၀ နာရီခန့်က အမ်းတောင်အုပ်စု၊ မြောက်ဘက်ကမ်းကျေးရွာမှာ ဧည့်စာရင်းလာစစ်တဲ့ စစ်ကောင်စီတပ်တွေက သူရဲ့ ဖုန်းကိုယူစစ်ရာကနေ ဖမ်းသွားတာလို့ သိရပါတယ်။

 

ဖမ်းဆီးခံရသူမှာ အသက် (၂၀) နှစ်အရွယ် ဆလိုင်းကျော်ကျော်ပိုလို့ သိရပြီး အဖမ်းခံရတဲ့ ရက်ကနေစလို့ ဒီနေ့ထိ အဆက်အသွယ် လုံးဝ မရရှိသေးဘူးလို့ သူနဲ့နီးစပ်သူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ရွာမှာ ဧည့်စာရင်းစစ်တဲ့ စစ်သားတွေက ဖုန်းယူစစ်ပြီး ဖမ်းသွားတာပါ။ ဖမ်းတုန်းက လက်ကြိုးတုတ်ပြီး ခေါ်သွားတာပါ။ ဘာကြောင့်ဖမ်းတာလဲ မသိရဘဲ ရွာက ဥက္ကဋ္ဌကိုတော့ သူနဲပတ်သက်လို့ တာဝန်ယူပေးနိုင်လား မေးတယ်။ ဥက္ကဋ္ဌက တာဝန်မယူပေးနိုင်ဘူးလို့ ပြောတယ်” လို့ သူက ဆိုပါတယ်။

 

အဲဒီလူငယ်ကို စစ်ကောင်ရဲ့ ဘယ်တပ်ရင်း၊ ဘယ်အချုပ်ခန်းထဲမှာ ချုပ်နှောင်ထားသလဲဆိုတာ မိသားစုဝင်တွေနဲ့ အဆက်သွယ်မရတာကြောင့် သူရဲ့ အသက်အန္တရာယ်စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ဆလိုင်းကျော်ကျော်ပိုဟာ နွေရာသီကျောင်းပိတ်လို့ စစ်တွေနဲ့ မောင်တောဘက်မှာ ပန်းရံအလုပ်သွားရောက်လုပ်ကိုင်ရာကနေ နိုင်ငံရေးအခြေအနေမကောင်းတာကြောင့် ရွာကိုပြန်လာနေချိန် ဖမ်းဆီးခံရတာလို့ သူနဲ့နီးစပ်သူတစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“ကျောင်းပိတ်လို့ မောင်တောဘက်မှာ ပန်းရံအလုပ်လုပ်တာ။ ရွာပြန်လာတော့ အဖမ်းခံရတာဖြစ်တယ်။ သူက ဘာနိုင်ငံရေးလည်း နားလည်တာလည်းမဟုတ်ဘူး။ အခု ဘယ်စခန်း၊ ဘယ်အချုပ်ထဲမှာလဲဆိုတာ မသိရဘူး။ ဥက္ကဋ္ဌကို မေးတော့ သူလည်းမသိဘူးတဲ့။ သူနဲ့ပတ်သက်လို့ သေသလား၊ ရှင်သလားတောင် မသိရဘူးဖြစ်နေတယ်” လို့ သူက ဆိုပါတယ်။

 

စစ်ကောင်စီ အာဏာသိမ်းပြီး အမ်းဒေသခံ ချင်းလူငယ်တွေဟာ မကြာခဏ ဖမ်းဆီးခံရပြီး အဲဒီထဲမှ ချင်းအမျိုးသမီး ၂ ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ် အသီးသီးချမှတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အမ်းမြို့နယ်မှာ ချင်းလူမျိုး (၃၀ဝ၀ဝ)နဲ့အထက် နေထိုင်ကြပါတယ်။

 

ဓာတ်ပုံ – CJ