သုံးနှစ်အတွင်း တနင်္သာရီတိုင်းက တော်လှန်ရေးရဲဘော် ၁၁၈ ဦးကျဆုံး

Author လင်းနွေဦး
Categories
Published on May 27, 2024

တနင်္သာရီတိုင်းအတွင်း သုံးနှစ်တာကာလ စစ်ကောင်စီနဲ့ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် စုစုပေါင်း ၁၁၈ ဦး ကျဆုံးခဲ့တယ်လို့ တိုင်းစစ်ဌာန ပြောရေးဆိုခွင့်ရှိသူဆီကနေ သိရပါတယ်။

 

ဒီအရေအတွက်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MoD) လက်အောက်ကနေ PDF စတင်တည်ထောင်တဲ့ ၂၀၂၁ ခုနှစ် မေလ ၅ ရက်နဲ့ ပကဖ တည်ထောင်တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၂၉ ရက်နောက်ပိုင်းမှာ အဲဒီတိုင်းအတွင်း တပ်ရင်းတပ်ဖွဲ့အသီးသီးကနေ ကောက်ယူရရှိတဲ့ ကျဆုံးစာရင်းတွေဖြစ်တယ်လို့ သိရပါတယ်။

 

မှတ်တမ်းရယူထားတဲ့စာရင်းတွေအရ မြို့နယ်အလိုက်(ပကဖ)ရဲဘော်တွေကျဆုံးတဲ့အရေအတွက်မှာ  ဘုတ်ပြင်းနဲ့ မြိတ်မြို့နယ်တွေက နှစ်ဦးစီ၊ ထားဝယ်မြို့နယ်က လေးဦး၊ ကော့သောင်းနဲ့ ရေဖြူမြို့နယ်တွေက တစ်ဦးစီ၊ လောင်းလုံးမြို့နယ်က (၁၄)ဦး ၊ တနင်္သာရီခရိုင်က (၁၁)ဦး၊ သရက်ချောင်းမြို့နယ်က  (၂၀)ဦးနဲ့ ပုလောမြို့နယ် ငါးဦး စုစုပေါင်း ပကဖ ရဲဘော် ၆၀ ဦးကျဆုံးခဲ့ပါတယ်။

 

အလားတူ သုံးနှစ်တာကာလအတွင်းမှာ တနင်္သာရီတိုင်းက PDF တပ်ဖွဲ့ဝင် ရဲဘော် ၅၅ ဦးကျဆုံးခဲ့တယ်လို့  တနင်္သာရီဒေသရဲ့ တိုင်းစစ်ဌာန ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဂျိုကာက CJ Platform ကိုပြောပါတယ်။

 

“MoD လက်အောက်က တောင်ပိုင်းစစ်ဒေသ အမှတ်(၃) စစ်ဒေသခွဲ တိုင်းစစ်ဌာန(တနင်္သာရီ)အောက်မှာ တပ်ရင်း ငါးရင်းရှိပါတယ်။ သုံးနှစ်တာကာလမှာ တပ်ရင်း ငါးရင်းက ရဲဘော် ၅၅ ဦး ကျဆုံးခဲ့ပါတယ်” လို့  ရဲဘော် ဂျိုကာက ပြောပါတယ်။

 

ကျဆုံးရဲဘော်တွေက ထားဝယ်ခရိုင် တပ်ရင်း(၁)က ၁၃ ဦး၊ တပ်ရင်း (၂)က တစ်ဦး၊ မြိတ်ခရိုင် တပ်ရင်း (၁)က ၂၈ ဦး၊ တပ်ရင်း (၂)က ၇ ဦး၊ ကော့သော့ခရိုင် တပ်ရင်း (၁)က ခြောက်ဦး ကျဆုံးခဲ့ပြီး ကနဦး (၅၅) ဦးကျဆုံးခဲ့သလို စာရင်းကောက်ယူပြီးစီးတဲ့ မေလ ၅ ရက် နောက်ပိုင်း မေလ ၂၀ ရက်မှာ ထားဝယ်ခရိုင် တပ်ရင်း(၂)က ရဲဘော် သုံးဦးထပ်မံကျဆုံးခဲ့တာကြောင့် တနင်္သာရီတိုင်း စစ်ဌာနအတွင်း PDF ရဲဘော် စုစုပေါင်း (၅၈)ဦးကျဆုံးခဲ့တာလို့ ရဲဘော်ဂျိုကာက ထပ်မံဖြည့်စွက်ပြောပါတယ်။

 

ဒါကြောင့် ၂၀၂၁ ခုနှစ် မေလ ၅ ရက်ကနေ ၂၀၂၄ ခုနှစ် ဒီနေ့ချိန်ထိ တနင်္သာရီတိုင်းစစ်ဌာန  လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေဘက်က သုံးနှစ်တာကာလအတွင်း ကျဆုံးခဲ့ရတဲ့PDF နဲ့ ပကဖ ရဲဘော်စုစုပေါင်း အရေအတွက်ဟာ ၁၁၈ ဦးအထိ ရှိခဲ့တာဖြစ်တယ်လို့ တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာကနေလည်း ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ- ပူရိယယက္ခညီနောင်စစ်ကြောင်း

 

ပုံစာ – ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့တွင် ကျဆုံးခဲ့တဲ့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းမှ ရဲဘော် ဦးဦးနဲ့ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့(KNDO)မှ ရဲဘော် ပွန်ညာ တို့ရဲ့ ကျဆုံးအလောင်းများကိုတွေ့မြင်ရစဉ်

 

Related News

Depend on news