ကလေးမှာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီထုတ် ဘီယာတွေကို အများပြည်သူရှေ့ ဖျက်ဆီး

Author မင်းထက်
Categories
Published on May 25, 2024

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်မှာ စစ်ကောင်စီထုတ်ကုန်တွေကို သယ်ဆောင်ရောင်းချမှုတွေမလုပ်ဖို့ တားမြစ်ထားတဲ့ကြားက သယ်ဆောင်လာလို့ ဖမ်းဆီးရမိတဲ့ ဘီယာတွေကို မေလ ၂၂ရက်က ဖျက်စီးခဲ့ တယ်လို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာ၀န်ရှိသူတစ်ဦးက ​CJ Platformကို ပြောပါ တယ်။

ပြီးခဲ့တဲ့ မေလ ၁၆ ၊ ၁၇နဲ့ ၁၈ရက်နေ့တွေမှာ NUG အစိုးရလက်အောက်ရှိ ကလေးမြို့နယ်စည်ပင်နဲ့ သယံဇာတဂိတ်မှာ ဖမ်းဆီးရရှိခဲ့တဲ့ စစ်ကောင်စီထုတ်ကုန် တားမြစ်ကုန်စည်တွေဖြစ်တဲ့ ဒဂုံဘီယာနဲ့ မြန်မာဘီယာတွေကို  ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့လုံ ခြုံရေးအဖွဲ့တို့ပါ ဝင်‌တဲ့ ပူးပေါင်းအင်အားစုတွေက အများပြည်သူမြင်ကွင်းရှေ့မှာ ပူးပေါင်းဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီထုတ်ကုန်တွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်တွေကို လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်တွေနဲ့အညီ ဒဏ်ကြေးတွေပေးဆောင်စေခဲ့ပြီး သယ်ဆောင်တဲ့ လုပ်ငန်းရှင်ကို  နောက်ထပ် မသယ်ဆောင် မရောင်းချဖို့ ခံဝန်ကတိထိုးခိုင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ဒဏ်ကြေးသတ်မှတ်ပါတယ် အသေးစိတ်ကိုတော့ ပြောပြလို့မရသေးပါဘူးဗျ။ နောက်ထပ် မသယ်ဆောင် မရောင်းချဖို့ ခံဝန်ကတိထိုးခိုင်းပြီး လုပ်ဆောင်နေပါတယ်။ ဒဏ်ကြေးကိစ္စနဲ့ ဘယ်လို ချမှတ်လိုက်တယ် ဆိုတာ အသေးစိတ်ကိုတော့ ပြောပြလို့မရဘူးဗျ” လို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

အရင်နှစ် ၂၀၂၃ ဇွန်လ ၂၆ရက်ကလည်း ကလေးမြို့ပေါ်က အရက်ဘီယာဆိုင်တွေမှာ စစ်ကောင်စီထုတ် ပစ္စည်းတွေရောင်းချနေတာသိရလို့ ကလေးမြို့နယ်ပြည့်သူ့ရဲတပ်ဖွဲတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့၀င်တွေဟာ အရက်ဘီယာဆိုင် လေးဆိုင်မှာရှိတဲ့ စစ်ကောင်စီထုတ် ဒဂုန်ဘီယာ ၆၀ဖာနဲ့ ဘီယာဖြန့်ဖြူးရာမှာ အသုံးပြုတဲ့ Light Truck တစ်စီး၊ CANDA တစ်စီးကို သိမ်းဆည်းခဲ့ပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ NUG လက်အောက်က မြို့နယ်စည်ပင်ကော်မတီကို သက်သေခံပစ္စည်းတွေအနေနဲ့ အပ်နှံခဲ့တယ်လို့ သိရ ပါတယ်။

 

ဓာတ်ပုံ  – ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့