TNLA သိမ်းပြီး ငါးလအတွင်း မိုင်းငေါ့မြို့မှာ ဆရာ/ဆရာမ စွမ်းရည်မြှင့်သင်တန်း ဆင်းပွဲပြုလုပ်

Author လဂွန်းအိမ်
Categories
Published on May 24, 2024

ရှမ်းပြည်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့မှာ ဆရာ/ဆရာမ ၁၃၀ ကျော်ကို ပညာရေးစွမ်းရည်မြှင့်သင်တန်းဆင်းပွဲကျင်းပနိုင်ခဲ့ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒါဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၃၁ ရက်က ရှမ်းမြောက်မှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ကပြုလုပ်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း တအောင်းတပ် TNLA ရဲ့ ခြောက်ခုမြောက်မြို့အဖြစ် မိုင်းငေါ့မြို့ကို သိမ်းနိုင်ခဲ့ပြီးနောက် ငါးလအတွင်း ပညာရေးစွမ်းရည်မြှင့် သင်တန်းပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အခုဆရာ/ဆရာမသင်တန်းကို Ta’ang Land Education Council(TLEC)(တအောင်းပြည်ပညာရေးကောင်စီ)က ကြီးမှူးပြီး ပြီးခဲ့တဲ့ မေလ ၂၂ နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

သင်တန်းဆင်း ဆရာ/ဆရာမတွေဟာ မိုင်းငေါ့မြို့နယ်ထဲမှာရှိတဲ့ အခြေခံပညာစာသင်ကျောင်းတွေမှာ သင်ကြားရေးတာဝန်များကို ဆောင်ရွက်သွားမှာဖြစ်လို့ အခုဆိုရင် စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်တော့မှာဖြစ်တယ်လို့ PSLF/TNLA က ဆိုပါတယ်။

 

အဆိုပါသင်တန်းကို အချိန်တစ်လကြာ သင်တန်းပေး သင်ကြားခဲ့ပြီးနောက် သင်တန်းအတွင်းထူးချွန်တဲ့ ဆရာ/ဆရာမတွေကို ထူးချွန်ဆုတွေ ဘာသာရပ်အလိုက်ထူးချွန်ဆုတွေပေးခဲ့တဲ့အပြင် ကူညီထောက်ပံ့ပေးတဲ့ အလှူရှင်တွေကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာပေးခဲ့တယ်လို့ ဆိုထားပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA

 

ပုံစာ – မေလ ၂၂ ရက်ကပြုလုပ်ခဲ့တဲ့ မိုင်းငေါ့မြို့က ဆရာ/ဆရာမ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ ပုံရိပ်များ