ရန်ကုန် လုံခြုံရေး စစ်ကောင်စီ ပိုမိုတင်းကျပ်

Author ကိုထက်
Categories
Published on May 23, 2024

စစ်ကောင်စီအပြည့်အဝထိန်းချုပ်ထားနိုင်တဲ့မြို့ကြီး ရန်ကုန်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုလပိုင်းထဲ လုံခြုံရေးတွေ ပိုမိုတင်းကျပ်လာပြီး အစစ်အဆေးလည်း ပိုများလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

အရင်က ပုံမှန်ကင်းလှည့်တာတွေကို DC ကားတစ်စီးလောက်နဲ့သာ ပြုလုပ်ပေမဲ့ အခုရက်ပိုင်းတွေမှာ အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေပါ အသုံးပြုပြီး နေ့ရော၊ ညပါကင်းလှည့်စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။

 

“အခုရက်ပိုင်းတွေ နေ့ရောညရော ရပ်ကွက်ထဲတွေပါ ကားတွေများတယ်ဗျ။ ကင်းလှည့်တာ။ ရဲရော၊ စစ်သားရော၊ ရဲက ဆိုင်ကယ်နဲ့ စစ်သားတွေက DC ကားတွေရော၊ အိမ်စီးကားပေါ်မှာရော၊ ညဘက်တွေဆို ပိုများတယ်။ ၈ နာရီ၊ ၉ နာရီလောက်ဆို လမ်းသွားလမ်းလာတွေကို စစ်ဆေးတာ၊ မေးတာတွေပိုလုပ်လာတယ်” လို့ သူက ပြောပါတယ်။

 

ဒါ့အပြင် အရင်က ဘန်ကာတွေထဲမှာပဲ နေလေ့ရှိတဲ့ စစ်သားနဲ့ ရဲတွေဟာ အခုဆိုရင် ဘန်ကာထဲမှာတစ်မျိုး၊ လူသွားလူလာများရာ လမ်းဆုံနေရာတွေမှာပါ အဆင်သင့် ကင်းစောင့်နေတာမျိုးတွေအထိပြုလုပ်နေကြတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် လူငယ်တွေကိုလည်း စစ်မေးတာတွေ ဆက်တိုက်လုပ်လာနေတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ သူက ပြောပါတယ်။

 

“လမ်းဆုံတွေ၊ လူကူးခုံးတံတားတွေမှာ ကင်းစောင့်နေကြတာ။ ညဘက်ဆိုလည်း ကားတွေဆိုင်ကယ်တွေနဲ့ ကင်းလှည့်နေတာ။ သူတို့မသင်္ကာတဲ့လူငယ်တွေဆို ခေါ်ပြီးမေးတယ်။ ဟိုတစ်နေ့ကလည်း အိတ်တွေလွယ်လာတဲ့လူငယ်လေးနှစ်ယောက်ကို စစ်သားနှစ်‌ယောက်က တစ်‌ယောက်က သေနတ်နဲ့ချိန်ထားတယ်။ လွယ်အိတ်ကို ကိုယ့်ဟာကိုယ်ထုတ်ပြပေါ့။ ဘာရှိလဲ။ သူတို့ကရပြီဆိုမှ သွားလို့ရတယ်” လို့ ရန်ကုန်မြို့လယ်က မြင်တွေ့လိုက်ရသူတစ်ဦးက ပြောပါတယ်။

 

အခုလို လုံခြုံရေးတင်းကျပ် စစ်ဆေးတာဟာ ရန်ကုန်မြို့တွင်းမှာသာမကဘဲ ဆင်ခြေဖုံးမြို့နယ်တွေဖြစ်တဲ့ လှိုင်သာယာ၊ ရွှေပြည်သာ စတဲ့မြို့နယ်တွေမှာလည်း ရှိနေတယ်လို့ အဲဒီမြို့နယ်နေပြည်သူတွေက ပြောပါတယ်။

 

“မနေ့က ၁ ဈေးထိပ်မှာ စစ်ကားရပ်ပြီး လူငယ်တွေ ငါးယောက်၊ ခြောက်ယောက်လောက်ရှိမယ်။ စစ်တာစစ်တာဆိုတာ။ ကလေးတွေလည်း မျက်နှာငယ်တွေနဲ့။ သေနတ်နဲ့လည်း ချိန်ထားသေး။ ညဘက်ဆိုလည်း ဧည့်စာရင်းက တောက်လျှောက်ကိုစစ်တာ ဒီဘက်မှာ” လို့ လှိုင်သာယာမြို့နယ် ၁ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

 

ရန်ကုန်မြို့ရဲ့ လမ်းဆုံ၊ မီးပွိုင့်လိုနေရာတွေမှာ စစ်‌ကောင်စီတပ်သားတွေ လက်နက်အပြည့်အစုံနဲ့ ကင်းစောင့်နေတာတွေကို အခုရက်ပိုင်းတွေမှာ ပိုမိုမြင်တွေ့နေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ အုပ်ချုပ်ရေးမှူး‌ရုံးတွေ မကြာခဏဆိုသလို ဗုံးခွဲခံရမှုတွေရှိနေပါတယ်။ တော်လှန်ရေးအင်အားစုတွေကလည်း စစ်မှုထမ်းဥပဒေဖော်ဆောင်တဲ့ စစ်ကောင်စီရဲ့ ဘယ်ပစ်မှတ်မဆို တိုက်ခိုက်သွားမယ်လို့ ကြေညာထားတာလည်း ရှိပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ဒီနှစ် တော်လှန်ရေးနေ့မတိုင်မီ ရန်ကုန်မှာ သံချပ်ကာကားတွေနဲ့အတူ ကင်းလှည့်တဲ့အထိ လုံခြုံရေးတင်းကျင်ခဲ့စဉ်(ပုံဟောင်း)