စစ်ကောင်စီတပ် ကင်းစင်နယ်မြေဖြစ်လာတဲ့ ဘူးသီးတောင်မြို့
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့က စစ်ကောင်စီရဲ့ ဗျူဟာဌာနချုပ် အပါအဝင် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေအားလုံးကို ဒီကနေ့ မေလ ၁၈ ရက်မှာ အလုံးစုံ သိမ်းပိုက်လိုက်ပြီလို့ အာရက္ခတပ်တော် (Arakan Army) ထုတ်ပြန်လာပါတယ်။
အခုလို သိမ်းပိုက်ရာမှာ စစ်တွေ ဒကစ လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်းတွေ ပါဝင်သလို ဘူးသီးတောင်ဗျူဟာဌာနချုပ်လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ အမြောက်တပ်တွေ ထောက်ပို့တပ်တွေနဲ့ GE တပ်ရင်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်မေလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တို့မှာ နခခ(၃)၊ ခမရ(၃၅၃) (၅၃၅) ( ၂၆၃) နဲ့ ခမရ(၂၃၃) တို့ကို သိမ်းပိုက်ခဲ့ပြီးသလို မေလ ၁၆ ရက်နေ့မှာလည်း နခခ(၈) စခန်းကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကစဉ့်ကလျား ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေတဲ့အတွက် ဘူးသီးတောင်မြို့ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ပတ်ဝန်းကျင် ကျေးရွာတွေဟာ စစ်ရေးသတိနဲ့ နေထိုင်ကြဖို့ အာရက္ခတပ်တော် (Arakan Army) က အထူးသတိပေး ထားပါတယ်။
ရခိုင်ပြည်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲများပြင်းထန်နေကာ လက်ရှိအချိန်မှာလည်း သံတွဲမြို့တစ်ဝိုက်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြထားပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ကူ ရေကြောင်းပစ်ကူ နဲ့ လေကြောင်းပစ်ကူတွေပါ အသုံးပြုကာ ခုခံနေရတယ်လို့လည်း သိရပါတယ်။
ရခိုင်တောင်ပိုင်းက စစ်ပွဲတွေကြောင့် တောင်ကုတ်မြို့မှာရှိတဲ့ Non CDM ဝန်ထမ်းတွေလည်း ရန်ကုန်နဲ့ နေပြည်တော်ကို ထွက်ပြေးနေကြပြီး နေပြည်တော်ကို ထွက်ပြေးတဲ့သူ အများဆုံးဖြစ်တယ်လို့ သိရတဲ့အပြင် အချို့ Non CDM တွေအနေနဲ့ သက်ဆိုင်ရာ အရာရှိတွေနဲ့ မိသားစုဝင်တွေကိုလာဒ်ထိုးပြီး ဌာနဆိုင်ရာတွေမှာ အလုပ်ပြန်ဝင်ဖို့ ကြိုးစားနေကြတယ်လို့လည်း သိရပါတယ်။