ဒီပဲယင်းက စစ်ဘေးသင့် ကျေးရွာမှာ လူတစ်ထောင်ကျော်အသုံးပြုနိုင်မယ့် စက်ရေတွင်းလှူဒါန်း

Author မင်းထက်
Categories
Published on May 18, 2024

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်က သောက်သုံးရေး ရှားပါးနေတဲ့ စစ်ဘေးသင့် ကျေးရွာတစ်ရွာမှာ စက်ရေတွင်း တူးဖော်ပေးနေတယ်လို့ S&C မီးဘေး၊စစ်ဘေး၊ပညာရေး ကူညီစောင့်ရှောက်ပေးတဲ့ အဖွဲ့ဆီက သိရပါတယ်။

 

အညာဒေသက ကျေးရွာနေပြည်သူတွေဟာ စစ်ဘေးသင့်နေရတဲ့အပြင် နွေရာသီရောက်တိုင်းမှာ သောက်သုံးရေရှားပါးမှုနဲ့ ကြုံတွေ့နေရတဲ့အတွက် အခုလို ရေတွင်းတူးဖော်မှုတွေ ဆောင်ရွက်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

 

” ကျွန်တော်တို့ အနေနဲ့က ရေရှားပါးတဲ့ အညာဒေသတွေကိုတူးပေးနေတာပါ။အဓိကတော့ စစ်ဘေးမီးဘေးသင့်တဲ့ နေရာတွေကို ဦးစားပေးတူးပေးတာပေါ့ “လို့ S&C တာ၀န်ခံ ကိုစိုးမိုးအောင်က CJ Platformကို ပြောပါတယ်။

 

စစ်ဘေးသင့်တဲ့ဒေသတွေက စစ်ကောင်စီ စစ်ကြောင်း၀င်လာရင် ရေသွားခပ်ဖို့ မလွယ်ကူတဲ့အပြင်  မိန်းကလေးဆိုလည်း အားဓမ္မပြုကျင့်တာတွေ၊ ယောကျာ်းလေးတွေဆို သတ်ဖြတ်တာတွေ စတဲ့အကြမ်းဖက်မှုတွေကြောင့် စစ်ဘေးသင့်တဲ့ရွာတွေထဲကမှ အရေးပေါ်လိုအပ်တဲ့နေရာတွေကို တူးဖော်ပေးနေတာဖြစ်တယ်လို့ ကိုစိုးမိုးအောင်က ဆိုပါတယ်။

 

အခုတူးဖော်ပေးနေတဲ့ ရေတွင်းဟာ အိမ်ထောင်စုပေါင်း ၃၅၀ ကျော် ၊ လူ ၁၀၀၀ ကျော် အသုံးပြုနိုင်ပြီး ပြည်တွင်းပြည်ပရှိ ပြည်သူတွေရဲ့လှူဒါန်းငွေနဲ့ တူးဖော်ဆောင်ရွက်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

 

S & C အနေနဲ့ အခုလိုရေတွင်းတူဖော်လှူဒါန်းရာမှာ စက်ရေတွင်းနဲ့ အဝီစိတွင်းပေါင်း ၇ တွင်းတူးဖော်လှူဒါန်းခဲ့ပြီး လက်လုပ်တုံကင် ၁၂ တွင်းလောက် တူးဖော်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

 

ရေတွင်း (အ၀ီစိတွင်း) တူးဖော်ရာမှာ ယခင်နှစ်က ကျပ်သိန်း ၁၀၀ – ၁၂၀ ကျော်ကုန်ကျစရိတ်ရှိခဲ့ပေမယ့် ဒီနှစ်တူးဖော်ရာမှာ အထွေထွေကုန်ကျစရိတ်အပါအဝင် သိန်း ၂၀၀ ကျော် ကုန်ကျမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ရုပ်သံ- S&C မီးဘေး၊စစ်ဘေး၊ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့