ရန်ကုန်မှာ စစ်မှုထမ်းမယ့်သူတွေကို ထောက်ပံ့ဖို့ဆိုပြီး အုပ်ချုပ်ရေးမှူးတွေ ကျပ် ၅၀၀၀ ကနေ ၃၀,၀၀၀ အထိ လစဉ်ကောက်ခံ

Author ကိုထက်
Categories
Published on May 18, 2024

ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ စစ်မှုထမ်းမယ့်သူတွေကို ထောက်ပံ့ဖို့ဆိုပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက ကျပ် ၅၀၀၀ ကနေ ၃၀,၀၀၀ အထိ လစဉ်ငွေကြေးကောက်ခံမှုတွေရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

လှိုင်မြို့နယ် ရပ်ကွက်တချို့မှာ တစ်အိမ်ကို ကျပ် ၅၀ဝ၀ ကောက်ခံပြီး ငါးလတစ်ကြိမ် ထည့်ဝင်ရမယ်လို့ ပြောဆိုသွားကြောင်း အဲဒီက ငွေကောက်ခံရသူ တစ်ဦးက ပြောပါတယ်။

 

“မနေ့က အုပ်ချုပ်ရေးမှူးကိုယ်တိုင် လာကောက်တာ။ တစ်အိမ်ကို ငါးထောင်တဲ့။ မထည့်မ‌နေရပေါ့။ စစ်မှုထမ်းဖို့ ပါသွားသူတွေကို ထောက်ပံ့ဖို့တဲ့။ ငါးလတစ်ကြိမ် ပေးရမယ်လို့လည်း ပြောသွားတယ်။ တခြားတော့ ဘာမှပြောမသွားဘူး” လို့ သူက ပြောပါတယ်။

 

ဒါ့အပြင် ရန်ကုန်တိုင်းအတွင်း ကျေးရွာတွေရှိတဲ့ မြို့နယ်တွေမှာကတော့ တစ်အိမ်ကို ကျပ် ၁၅,၀ဝ၀ အထိ ကောက်ခံနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

“ဒီဘက်မှာတော့ တစ်သောင်းခွဲတဲ့။ လစဉ်လိုလို ပေးနေရတာပါ။ စစ်မှုထမ်းပါတဲ့သူတွေကို ထောက်ပံ့ဖို့ဆိုပြီး ပေးပေးနေရတာ။ ခရမ်း၊ သုံးခွဘက်တွေဆို နှစ်သောင်းကနေ သုံးသောင်းလောက်အထိ ပေးရတယ်” လို့ တွံတေးမြို့ခံတစ်ဦးက ပြောပါတယ်။

 

ရန်ကုန်မှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂ အတွက် ကျေးရွာတစ်ရွာကို လူ ဆယ်ဦးအထိစုဆောင်းခဲ့ပြီး မြို့တွင်းက ရပ်ကွက်တွေမှာတော့ တစ်ရပ်ကွက်ကို နှစ်ဦးကနေ သုံးဦးအထိ ခေါ်နေတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီဟာ ဧပြီလမှာ စစ်မှုထမ်းသင်တန်း ပထမအသုတ်အဖြစ် လူငယ် ၅,ဝ၀ဝ ခန့်ကို စစ်သင်တန်း စတင်ပေးခဲ့ပြီး ယခုလ ၁၄ ရက်မှာလည်း ဒုတိယအသုတ် စစ်သင်တန်းတွေကို စတင်ပေးနေပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

 

အသက် ၂၄ နှစ်နဲ့ ၃၀ ကြား လူငယ်လူရွယ်တွေကို စစ်ကောင်စီက စစ်သားအဖြစ် အဓိကထား စုဆောင်းနေတာဖြစ်ပြီး အဲဒီ အသက်အပိုင်းအခြားလူငယ်တွေကို ပြည်ပထွက်အလုပ်လုပ်ခွင့်တွေပါ ကန့်သတ်ထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – မေလ ၁၄ ရက်နေ့ကစတင်ခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ် ၂ အတွက် စစ်သားအဖြစ် စုဆောင်းခံရသူများ