အညာဒေသမှာ မေ နှစ်ပတ်အတွင်း အစုလိုက်အပြုံလိုက် လူသေဆုံးမှု သုံးခုနဲ့အတူ အရပ်သားသေဆုံးသူ ၁၀ဝ ကျော်ရှိလာ

Author မင်းထက်
Categories
Published on May 16, 2024

တော်လှန်ရေးအင်အားစုတွေအားကောင်းတဲ့ အညာဒေသမှာ စစ်ကောင်စီဟာ ‘ကြွက်မနိုင် ကျီမီးရှို့’ ဆိုသလို လက်နက်မဲ့အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကြောင့် မေလ နှစ်ပတ်အတွင်းမှာပဲ အစုလိုက်အပြုံလိုက် လူသေဆုံးမှု သုံးခုအပါအဝင် အရပ်သားသေဆုံးရသူ ၁၀၀ ကျော်အထိရှိလာခဲ့ပြီဖြစ်ပါတယ်။

 

စစ်ကောင်စီက မေလ ဒုတိယပတ်မှစတင်ပြီး ပြည်သူတွေကို ပစ်မှတ်ထား​သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ပိုမိုလုပ်ဆောင်လာတာကိုတွေ့ရပြီး ထိုလုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၁၀ဝ ကျော် အသက်ဆုံးရှုံးမှုရှိခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

 

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူတွေဟာ မြေလတ်ပိုင်းဒေသ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းထဲက ပြည်သူတွေဖြစ်ပါတယ်။ ဒီလို အရပ်သား သေဆုံးရမှုတွေနဲ့ပတ်သက်ပြီး အညာဒေသက CJ Platform ရဲ့ နယ်မြေခံသတင်းထောက်က စုံစမ်းခဲ့ပါတယ်။

 

မေလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်တောင်ဘက်ခြမ်းရှိ မကျည်းအုပ်ကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ပေါင် ၅၀ဝ ဗုံး သုံးလုံးကြဲချပြီး စက်လက်နက်နဲ့ ပစ်ခတ်လို့ အရပ်သား နှစ်ဦးနဲ့ တော်လှန်ရေးရဲဘော် လေးဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၂၃ ဦးဝန်းကျင်ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေဆီကနေ CJ Platform က စုံစမ်းသိရှိရပါတယ်။

 

ဒဏ်ရာရသူတွေထဲ အသက်အန္တရာယ် စိုးရိမ်ရသူတွေပါဝင်ခဲ့ပြီး မေလ ၁၃ နဲ့ ၁၅ ရက်နေ့တွေမှာ အရပ်သားတစ်ဦးစီ ထပ်မံသေဆုံးခဲ့တဲ့အတွက် စုစုပေါင်း သေဆုံးသူ ရှစ်ဦးထိရှိခဲ့တယ်လို့ သိရပါတယ်။

 

“မနေ့က ဒေါ်ညို၊ အသက် ၅၁ နှစ်အရွယ် ပြည်သူကျဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်းရှစ်ဦး ရှိပါပြီ” လို့ S&C မီဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအသင်း တာဝန်ခံက CJ Platform ကိုပြောပါတယ်။

 

ဒါ့အပြင် မေလ ၉ ရက်နေ့က မန္တလေးတိုင်း မြင်းခြံမြို့နယ်က ပျူစောထီးရွာလို့ သတ်မှတ်ထားတဲ့ ဆုံရွာမှာ ပျူစောထီးတပ်စခန်းကို ကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချိန် တိုက်ပွဲဖြစ်ပြီး ဒေသခံ ၃၂ ဦး သေဆုံးခဲ့ရပါတယ်။

 

ဒီလိုသေဆုံးခဲ့ရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား တစ်ဖက်နဲ့တစ်ဖက် စွပ်စွဲပြစ်တင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

 

အဲဒီတိုက်ပွဲထဲ ပါဝင်ခဲ့တဲ့ မြေပြင်တော်လှန်ရေး ရဲဘော်တစ်ဦးကတော့ “ကျွန်တော်တို့တွေ သူတို့ကိုတိုက်ခိုက်တဲ့အခါမှာ သူတို့တွေရဲ့ စခန်းတွေကိုပဲ ရှင်းလင်းတိုက်ခိုက်ခဲ့တာပါ။ မဆိုင်တဲ့ပြည်သူကို မသတ်ခဲ့သလို ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာမရှိခဲ့ပါဘူး။ ဒါပေမဲ့ သူတို့(စစ်ကောင်စီ)က တို့ပြည်သူကိုသတ်ဖြတ်တာတွေ၊ ရွာလုံးကျွတ်မီးရှို့တာတွေရှိခဲ့ပါတယ်” လို့ CJ Platform ကိုပြောပါတယ်။

 

ဒီသေဆုံးမှုတွေဟာ PDF တွေလက်ချက်လို့ စစ်ကောင်စီရဲ့ တရားဝင် ဝါဒဖြန့်သတင်းမီဒီယာတွေကနေ ထုတ်ပြန်ထားသလို ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကနေလည်း စွပ်စွဲပြောဆိုခဲ့ကြပါတယ်။

 

အဲဒီဆုံရွာက ပျူစောထီးစခန်းကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရွာရှည်ရွာကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ မေလ ၁၃ နဲ့ ၁၄ ရက်တွေမှာ နှစ်ရက်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ ရွာရှည်ရွာက နေအိမ်အများအပြားကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့​ပြီး ဒေသခံလေးဦးကိုလည်းသတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက CJ Platform သတင်းဌာနကိုပြောပါတယ်။

 

အဲဒီနှစ်ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၆၀ ထက်မနည်းသေဆုံးသလို ၈၀ ကျော်ဒဏ်ရာရခဲ့ပေမဲ့ တော်လှန်ရေတပ်ဖွဲ့ဝင်တွေဘက်က ၁၅ ဦး(မစိုးရိမ်ရ)ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ မြင်းခြံခရိုင် တပ်ရင်း ၉ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုဖြစ်ရပ်တွေနည်းတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ မေလ ၁၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေ ရှိတယ်ဆိုပြီး စစ်တပ်က လက်ထုတ္တောရွာကို လက်နက်ကြီး/ငယ်တွေပစ်ခတ်ပြီး စီးနင်းဝင်ရောက်ပြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံ ပြည်သူ ၃၄ ဦး ထိသေဆုံးခဲ့ရပါတယ်။

 

ဒါ့အပြင် မကွေးတိုင်း ဆောမြို့နယ်၊ ကျောက်ထုမြို့၊ အကြည်ပန်းပလွန်းရွာကို မေလ ၉ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂၅ ဦးထက်မနည်း သေဆုံးပြီး ၂၅ ဦးနဲ့အထက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် အဲဒီဆောမြို့နယ်က တောမကျေးရွာကို မေလ ၁၄ ရက်နေ့က ထပ်မံ လေကြောင်းတိုက်ခိုက်လို့ လသားအရွယ် ကလေးအပါအဝင် ခုနစ်ဦး သေဆုံးခဲ့ရ​ပါတယ်။

 

ဒီအချက်အလက်တွေဟာ CJ Platform ကနေ လတ်တလော စုံစမ်းသိရှိထားရသလောက်သာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုမိုများပြားနိုင်ပါတယ်။

 

မေလ ၉ ရက်ကနေ ၁၄ ရက်နေ့အထိ CJ Platform သတင်းဌာနက စုံစမ်းသိရှိထားတဲ့သတင်းအချက်အလက်တွေအရ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် အညာဒေသအတွင်း အရပ်သားပြည်သူ ၁၀ဝ ကျော် အသက်ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။

 

ဓာတ်ပုံ- CJ

 

ပုံစာ     – မြင်းမူမြို့၊ လက်ထုတ္တောကျေးရွာ မီးရှို့ခံရမှု