ဆောမှာ ဒုတိယအကြိမ် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ လသားကလေးအပါအဝင် အရပ်သား ၇ ဦး သေဆုံး

Author ဆလိုင်း
Categories
Published on May 15, 2024

ချင်းပြည်နယ်အစပ် မကွေးတိုင်း၊ ဆောမြို့နယ်ထဲ စစ်ကောင်စီက ငါးရက်အတွင်း နောက်ထပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတစ်ခု ထပ်မံပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က ဆောမြို့နယ်၊ ကျောက်ထုမြို့၊ အကြည်ပန်းပလွန်းရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သား ၂၅ ဦးထက်မနည်း သေဆုံးပြီး ၂၅ ဦးနဲ့အထက် ထိခိုက်ဒဏ်ရာရရှိခဲ့ရတာပါ။

 

မနေ့ မေလ ၁၄ ရက်နေ့ ညနေ ၃ နာရီခွဲခန့်မှာလည်း တောမကျေးရွာကို ထပ်မံ လေကြောင်းတိုက်ခိုက်လို့ လသားအရွယ် ကလေးအပါဝင် ခုနစ်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့က တောမကျေးရွာထဲမှာ ရွာသားတွေ လူစုလူဝေးနဲ့ စားနပ်ရိက္ခာ ပေးဝေနေချိန်မှာ စစ်ကောင်စီရဲ့ တံတားဦး လေတပ်စခန်းကနေ ဂျက်ဖိုက်တာ တစ်စီးနဲ့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ လေကြောင်း တိုက်ခိုက်မှုမှာ ၈ လသားအရွယ် ကလေးတစ်ဦးအပါဝင် ခုနစ်ဦးသေဆုံးခဲ့သလို ကိုးဦးထက်မနည်း ဒဏ်ရာရရှိပြီး လူနေအိမ် ကိုးလုံး ပျက်စီးသလို နှစ်လုံးမီးလောင်ပြာကျသွားတယ်လို့ လူမှုကူညီရေးဆောင်ရွက်ပေးနေတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“မနေ့က ရွာမှာ ရွာသားတွေအတွက် စားနပ်ရိက္ခာတွေ ပေးဝေနေချိန် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာဖြစ်ပါတယ်။ ရွာသား ခုနှစ်ယောက်က သေဆုံးသွားပါတယ်။ အဲဒီထဲမှာ ကလေးနှစ်ယောက်ပါတယ်။ ဒဏ်ရာရ လူနာတွေလည်းရှိပါတယ်။ သူတို့ကို လိုအပ်တဲ့ ဆေးကုသပေးနေပါတယ်” လို့ သူက ဆိုပါတယ်။

 

သေဆုံးသွားတဲ့ ရွာသားတွေဟာ အသက်(၇၈)နှစ်အရွယ် ဒေါ်မစန်း၊ အသက်(၇၅)နှစ်အရွယ် ဒေါ်ခင်စန်းအေး၊ အသက်(၅၅)နှစ်အရွယ် ဒေါ်ကြင်သန်း၊ အသက်(၃၇)နှစ်အရွယ် ကိုနေလင်းဇော်၊ အသက်(၄၂)နှစ်အရွယ် ဦအောင်ရွှေ၊ အသက်(၁၁)နှစ်အရွယ် မောင်အောင်ပြည့်ရွှန်းနဲ့ (၈)လသားအရွယ် ကလေးတစ်ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။

 

အဲဒီ လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ထိခိုက်သေဆုံးတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အသေးအစိတ်သိရှိနိုင်ဖို့ ဆောမြို့နယ် လူသားစာနာထောက်ထားမှုတာဝန်ခံဆီ CJ Platform က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။

 

တောမရွာမှာ ဘာတိုက်ပွဲမှ မရှိသလို တော်လှန်ရေး တပ်စခန်းတွေလည်း မရှိဘူးလို့ ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“တောမရွာမှာ ကျွန်တော်တို့ တပ်စခန်းထိုင်တာလည်း မရှိသလို တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ဘာကြောင့် လေကြောင်းတိုက်ခိုက်မှု လုပ်သွားတာလဲဆိုတာ မသိရဘူး” လို့ သူက ဆိုပါတယ်။

 

စစ်ကောင်စီဟာ အရင်နှစ်တွေထဲမှာလည်း အညာဒေသအပါအဝင် သူတို့ကိုတော်လှန်တိုက်ခိုက်နေတဲ့ဒေသတွေကို အကြောင်းမဲ့ လေကြောင်းဗုံးကြဲမှုတွေ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရပါတယ်။

 

အဲဒီထဲ အကျော်ကြားဆုံးအနေနဲ့ ပြီးခဲ့တဲ့နှစ် ဧပြီ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာက ကျောင်းမှာ ကလေးတွေစာသင်နေချိန် စစ်ကောင်စီလေတပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတဲ့အပြင် စစ်ရဟတ်ယာဉ်နဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

 

အဲဒီလို အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၃၀ ဦးအပါအဝင် ၁၇၁ ဦးသေဆုံးခဲ့ရတယ်လို့ သေဆုံး/ဒဏ်ရာရသူစာရင်းကောက်ယူခဲ့တဲ့ ကန့်ဘလူခရိုင် တပ်ရင်း ၃ ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – ဆောမြို့နယ် တောမရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ ပျက်စီးသွားတဲ့ နေအိမ်များ