စမတ်ကတ်(UID)တွေ အခမဲ့လုပ်ပေးနေတယ်လို့ စစ်ကောင်စီလဝကဆို

Author ကိုထားဝယ်
Categories
Published on May 14, 2024

တစ်စောင်တစ်သိန်းလောက်ဈေးပေါက်နေတဲ့ စစ်ကောင်စီရဲ့ ဂဏန်းဆယ်လုံးပါ စမတ်ကတ်(Unique ID-UID)တွေ သက်ဆိုင်ရာလဝကရုံးတွေမှာ အခမဲ့ပြုလုပ်ပေးနေတယ်လို့ ဒီနေ့ မေလ ၁၄ ရက်ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေကနေတစ်ဆင့် ကြေညာပါတယ်။

 

စစ်ကောင်စီလဝကက အခမဲ့လို့ဆိုပေမဲ့ ရန်ကုန်က ရွှေပြည်သာ၊ လှိုင်သာယာတို့လိုမြို့နယ်တွေအပါအဝင် နယ်စပ်မြို့တွေဖြစ်တဲ့ မြဝတီ၊ မူဆယ်တို့လိုမြို့တွေမှာ ငွေကြေးအများအပြားပေးရတယ်လို့ ဆိုပါတယ်။

 

ပုံမှန်အတိုင်း အချိန်ကြာမြင့်စွာ တန်းစီလုပ်ကိုင်ပါကလည်း အနည်းဆုံး ၂၅၀၀ ကျပ်ခန့်ပေးရတယ်လို့ လဝကရုံးတွေဆီ သွားရောက်လုပ်ကိုင်သူတွေက ပြောပါတယ်။

 

တစ်ဖက်မှာလည်း A4 စက္ကူစာရွက်ပေါ် QR Code ထည့်ပေးထားတဲ့ UID မရှိရင် ပြည်တွင်းမှာ ခရီးသွားဖို့၊ ပြည်ပထွက်ဖို့ အဆင်မပြေသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ငွေညှစ်တာ၊ ရိုင်းစိုင်းစွာ ပြောဆိုခံရတာမျိုးတွေရှိနေတာပါ။

 

ဒါကြောင့် သက်ဆိုင်ရာ မြို့နယ် လဝကရုံးတွေအပါအဝင် နယ်စပ်ဂိတ်တွေရှိရာ မြဝတီ၊ မူဆယ်တို့လို မြို့တွေက လဝကရုံးတွေမှာ ငွေကြေးအများအပြားပေးပြီး လုပ်ဆောင်နေကြရတာပါ။

 

ဒါပေမဲ့ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကတော့ UID ကို အခမဲ့ပြုလုပ်ပေးနေတာဖြစ်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။

 

“ပိုက်ဆံ မတတ်နိုင်တဲ့ သူတွေကတော့ တစ်နေကုန်နီးပါကြာတယ်။ ဒါတောင် မရတဲ့သူတွေရှိတယ်။ နောက်ရက် ထပ်စောင့်ပေါ့” လို့ မြဝတီကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သွားရောက်အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် ပြည်ပထွက်လိုသူတွေက သက်ဆိုင်ရာမြို့နယ်လဝကရုံးတွေမှာမလုပ်ခဲ့ဘဲ နယ်စပ်မြို့တွေရှိ လဝကရုံးတွေမှာ သွားရောက်စုပြုံပြုလုပ်နေတာကြောင့် ဝန်ထမ်းနဲ့ ပြုလုပ်သူတွေကို အခက်အခဲဖြစ်စေတာလို့ စစ်ကောင်စီလဝကက ဆိုပါတယ်။

 

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ စလုပ်ပေးခဲ့ချိန် မေလဆန်းပိုင်းတုန်းက UID တစ်စောင် ငါးသောင်းကျပ်ရှိခဲ့ပေမဲ့ မေလ ဒုတိယပတ်ထဲရောက်လာချိန်မှာတော့ တစ်စောင် တစ်သိန်းလောက်အထိ မြင့်တက်လာခဲ့တယ်လို့ အဲဒီမှာနေထိုင်သူတွေဆီက သိရပါတယ်။

 

“လဝက လူတွေနဲ့ BGF ကလူတွေ ပေါင်းလုပ်စားတာ ငါးသောင်းနဲ့ မရတော့ဘူး။ ရှစ်သောင်းဖြစ်သွားတယ်။ ပွဲစားတွေက မုန့်ဖိုးတောင်းတာက နှစ်သောင်းလောက်ပေးရတာမျိုးတွေတွေ့တယ်။ ရုံးက စာရေးမကို ငါးထောင်ပေးရတယ်။ စုစုပေါင်းဆို တစ်သိန်းကျော်လောက် သွားကုန်တာပေါ့” လို့ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ် ၁ က တံတားကူးလက်မှတ်နဲ့ မဲဆောက်မြို့ထဲ အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီလက်အောက်ခံ လဝကရုံးတွေက UID ကို အခမဲ့ပြုလုပ်ပေးနေပေမဲ့ လုပ်ကိုင်သူတွေက ကြားပွဲစားတွေနဲ့ Passport ရုံးတွေ‌၊ လေဆိပ်/ရေဆိပ်၊ နယ်စပ်ဂိတ်တွေမှာ UID နံပါတ်အတုတွေ အသုံးပြုခဲ့လို့ အရေးယူမှုတွေပြုလုပ်ခဲ့ရတာလည်းရှိတယ်လို့ ဆိုပါတယ်။

 

ဒါကြောင့် UID အတုအန္တရာယ်ကိုလည်း သတိမူသင့်ပြီး အတုကိုင်ဆောင်ပါက ဥပဒေနဲ့အညီ အရေးယူခံရမယ်လို့ စစ်ကောင်စီ လဝကက သတိပေးပါတယ်။

 

UID နံပါတ် ရရှိရေး ဆောင်ရွက်ရာမှာ အခက်အခဲ၊ ငွေကြေးတောင်းခံတာမျိုးတွေရှိပါက စစ်ကောင်စီရဲ့ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနရဲ့ Facebook စာမျက်နှာ www.facebook.com/eIDDept မှာ လာရောက်တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီမှာ တာဝန်ယူထားသူတွေရဲ့ လုပ်ကိုင်ပုံ စနစ်မကျမှု၊ ဝန်ထမ်းတွေရဲ့ လာဘ်စားမှုတွေကြောင့် အခု စမတ်ကတ်ထုတ်ဝေပေးရေးမှာလည်း ပြည်သူလူထုအတွက် အကျိုးမဖြစ်စေဘဲ အခက်အခဲတွေနဲ့သာ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – မူဆယ်မြို့မှာ UID ရဖို့ တန်းစီလုပ်ဆောင်နေသူတွေကိုတွေ့မြင်ရစဉ်