ဒလက ‌အုပ်ချုပ်ရေးမှူးတချို့ စစ်ကောင်စီအားကိုးနဲ့ မြို့ခံတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျနေ

Author ကိုထက်
Categories
Published on May 11, 2024

ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှာ ရပ်ကွက်အချို့က အုပ်ချုပ်ရေးမှူးတွေဟာ အကြောင်းအမျိုးမျိုးပြပြီး မြို့ခံပြည်သူတွေအပေါ် စစ်ကောင်စီတပ်သားတွေအားကိုးနဲ့ အနိုင်ကျင့်ဗိုလ်ကျတာမျိုးတွေလုပ်ဆောင်နေကြတယ်လို့ အဲဒီက မြို့ခံတွေဆီက သိရပါတယ်။

 

သူတို့ဟာ ညမထွက်ရအမိန့်နဲ့ မှတ်ပုံတင်စစ်ဆေးတာမျိုးတွေ အကြောင်းပြပြီး မြို့နေလူထုအပေါ် ငွေညှစ်၊ ဆဲဆိုတာတွေ လုပ်နေတယ်လို့ ကြုံတွေ့ခဲ့ရတဲ့ ဒလမြို့ခံအချို့က CJ Platform ကိုပြောပါတယ်။

 

ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့်သတ်မှတ်ထားပေမဲ့ ၁၀ နာရီမတိုင်ခင်ကတည်းက အထူးသဖြင့် လူငယ်လူရွယ်တွေကို စောင့်ဖမ်းနေပြီး ညစ်ညစ်ညမ်းညမ်း ဆဲဆိုတာတွေ လုပ်နေတယ်လို့ ကျန်စစ်သားရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

 

“ည ၉ နာရီလောက်တည်းက ကမ်းနားကနေကို စောင့်ပြီးဖမ်းတာ။ လူငယ်တွေဆိုရင် ဆဲဆိုကြိမ်းမောင်းတယ်။ စစ်သားတွေက‌တောင် အဲဒီလောက်မဟုတ်ဘူး။ အုပ်ချုပ်ရေးမှူးနဲ့ ဘေးနားက သူ့လူတွေက လူတွေကို ပြောဆိုပြီးကိုဖြစ်နေတာ။ ဖမ်းခံရရင် ရပ်ကွက်ရုံးမှာ တစ်ညအိပ်ရတယ်။ မနက်ရောက်မှ ပိုက်ဆံက သုံးလေးသောင်းတောင်းတယ်။ အဲဒါမှ အိမ်ကို ပြန်ရတယ်” လို့ သူက ပြောပါတယ်။

 

ဒါ့အပြင် မြို့နယ်အတွင်း ရပ်ကွက်ကျော်ပြီး သွားလာရာကိုပင် မှတ်ပုံတင်စစ်ပြီး မပါပါက ဒဏ်ကြေးပေးဆောင်ရတယ်လို့လည်း မြို့ခံတစ်ဦးက ပြောပါတယ်။

 

“ဒလမှာက တခြားမြို့နယ်ကလူတွေလာမှ မှတ်ပုံတင်စစ်တာမဟုတ်ဘူး။ အဲဒီမှာနေတဲ့သူတွေလည်း ရပ်ကွက်ကျော်ပြီး သွားလာရင်လည်း မထင်ရင်မထင်သလိုစစ်တယ်။ မပါရင် ဒဏ်ကြေးက အနည်းဆုံး တစ်သောင်းကနေ သုံးသောင်းလောက်ကပေးရတယ်” လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

 

ရန်ကုန် တောင်ပိုင်းခရိုင် မြို့နယ်တွေဖြစ်တဲ့ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း စတဲ့မြို့နယ်တွေမှာ ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ပြန်ထားတာပါ။

 

အဲဒီလိုသတ်မှတ်ထားပေမဲ့ အချိန်မတိုင်ခင် ဖမ်းဆီးစစ်ဆေး ငွေညှစ်တာတွေကို စစ်ကောင်စီက ပြုလုပ်နေတာဖြစ်ပြီး ဒေသခံတွေ အခက်ကြုံနေတယ်လို့ CJ Platform သတင်းဌာနက စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်