PDF စခန်းကိုဝင်စီးတဲ့ စစ်ကြောင်း တစ်ရက်ထဲ ၃ ကြိမ်ပြန်တိုက်ခံရလို့ ဗိုလ်လေးအပါအဝင် ၅ ဦးဒဏ်ရာရ

Published on May 11, 2024

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက PDF စခန်းတစ်ခုနဲ့ ကံသစ်ရွာကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့တဲ့စစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်တွေက တစ်ရက်ထဲမှာပဲ သုံးကြိမ်ပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက် ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kamma Defense Force(KMDF)ရဲ့ မနေ့ မေလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

မေလ ၈ ရက်နေ့ မနက် ၅ နာရီခွဲခန့်က ကံသစ်ရွာကို စစ်ကြောင်းထိုးပြီး ကံသစ်ရွာမက ပြည်သူ ၂၆ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်လာပြီး ပြည်သူပိုင် ပစ္စည်းနဲ့ ကားဆိုင်ကယ်တွေကို ယူဆောင်လာတဲ့ စစ်ကြောင်းကို မွန်းလွဲ ၁၂ နာခွဲခန့်မှာ ကန်တော်ရွာနဲ့ ကံသစ်ရွာကြားမှာ မိုင်းသုံးပွိုင့်၊ ဒရုန်းဗုံးသီး အလုံး ၂၀ နဲ့ တိုက်ခိုက်ခဲ့ပါတယ်။

 

အဲဒီလိုတိုက်ခိုက်ခံရလို့ သယ်ဆောင်လာတဲ့ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးကာ ကန်တော်တပ် အထိုင်စခန်းထဲ ဆုတ်ခွာပြီး အဲဒီကနေ ညနေ ၄ နာရီခန့်မှာ တပ်မ ၁၀၁ စခန်းသို့ စစ်ကားသုံးစီးနဲ့ ဆုတ်ခွာသွားတယ်လို့ KMDF ရဲ့ပြန်ကြားရေးတာဝန်ရှိသူက CJ Platform ကို ပြောပါတယ်။

 

တပ်မ ၁၀၁ ကို ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ညနေ ၄ နာရီခွဲခန့်မှာ ဒရုန်းဗုံးသီးနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဗိုလ်လေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

 

“ထိခိုက်တာရှိပါတယ်။ ဗိုလ်လေး ဒဏ်ရာပြင်းပြင်းထန်ထန်ထိသွားတယ်လို့ သတင်းပေးက ပြောပါတယ်။ ကားမောင်းသမားရော၊ စကစ သုံးယောက်ရောထိတာ။ စကစဘက်က ကမ္မမှာရှိတဲ့ စခန်းတွေ ဝင်သိမ်းမယ်လို့တောင် သတင်းကြားထားတယ်” လို့ သူက ပြောပါတယ်။

 

တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေးရဲဘော်တွေဘက်က အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

မေလ ၅ ရက်နေ့က ကမ္မမြို့နယ် ရဲစခန်းကို ဒေသတွင်းကာကွယ်ရေးပူးပေါင်းတပ်တွေက ဗုံးသီး ခြောက်လုံးနဲ့ ဖြုတ်ချတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သားများ အများအပြား ထိခိုက်ဒဏ်ရာရရှိနိုင်တယ်လို့ KMDF က ထုတ်ပြန်ထားပါတယ်။

 

ရုပ်သံ – KMDF