ပလက်ဝမှာ မပေါက်ကွဲဘဲကျန်တဲ့ လက်နက်ကြီးကျည်ကို ဆော့လို့ ပေါက်ကွဲပြီး ကလေးငယ် ၄ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာပြင်းထန်

Author ဆလိုင်း
Categories
Published on May 10, 2024

ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာမှာ စစ်ကျန် လက်နက်ကြီးကျည်ကို ဆော့ကစားလို့ မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး ကလေး လေးဦး သေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မေလ ၈ ရက် မနက် ၁၁ နာရီခန့်က ခဝဲကျေးရွာ ချောင်းကမ်းနားရှိ မြေပဲခင်းတစ်နေရာမှာ တွေ့ရှိတဲ့ စစ်ကျန် လက်နက်ကြီးကျည်ကို ကလေးတွေ ဆော့ကစားရာကနေ ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ချောင်းကမ်းနားမှာ ကလေးတွေက လက်နက်ကြီးကျည်တွေ့လို့ ဆော့ကစားနေကြတယ်။ အဲဒီလို ဆော့ကစားကြရင်း မတော်တဆ ပေါက်ကွဲမှုဖြစ်သွားတာ။ ကလေး လေးယောက်က ပွဲချင်းပြီး ဆုံးသွားတယ်။ တစ်ယောက်က ပြင်းထန်ဒဏ်ရာနဲ့ ရွာမှာ ဆေးကုသနေပါတယ်” လို့ သူက ဆိုပါတယ်။

 

အဲဒီလက်နက်ကြီးကျည် ပေါက်ကွဲလို့ သေဆုံးသွားတဲ့ ကလေးတွေဟာ အသက် (၁၀) နှစ်အရွယ် မောင်အောင်လင်းစိုး၊ မောင်အောင်မင်းထွန်းနဲ့ အသက် (၈) နှစ်အရွယ် မောင်လင်းမြတ်၊ မောင်အောင်လင်းထွန်းတို့ဖြစ်တယ်လို့ သိရပါတယ်။

 

သေဆုံးသွားတဲ့ ကလေး လေးယောက်ရဲ့ ရုပ်အလောင်းတွေကို မနေ့ မေလ ၉ ရက်နေ့ ညနေပိုင်းက သင်္ဂြိုလ်လိုက်ပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရတဲ့ အသက် (၈) အရွယ် မောင်အောင်စိုးမှာလည်း အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ သိရပါတယ်။

 

အခင်းဖြစ်ပွားတဲ့နေရာဟာ အရင်က စစ်ကောင်စီ တပ်စခန်းရှိခဲ့သလို ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားတဲ့နေရာလည်းဖြစ်တယ်လို့ သိရပါတယ်။

 

ပလက်ဝမြို့နယ်ကို AA က ဒီနှစ် ဇန်နဝါရီ (၁၄) ရက်နေ့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

 

AA သိမ်းပိုက်ထားတဲ့ ပလက်ဝမြို့နယ်မှာ လေးလကြာတဲ့ထိ တိုက်ပွဲမရှိပေမဲ့ တိုက်ပွဲတွင်း ထောင်ထားတဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ပစ္စည်းတွေကြောင်း တစ်လကို အရပ်သား တစ်ဦးနဲ့အထက် ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသတွင်း လူမှုကူညီရေးဆောင်ရွက်နေသူတစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“ပလက်ဝမြို့နယ်မှာ အခုဆို ဘယ်တိုက်ပွဲမှ မရှိတော့ဘူး။ ဒါပေမဲ့ AA နဲ့ စစ်တပ်တွေ တိုက်ပွဲဖြစ်တဲ့ ရွာတွေမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ၊ မြေမြှုပ်မိုင်းတွေကြောင့် ဒီနေ့ထိ အရပ်သား ထိခိုက် သေဆုံးမှုရှိနေဆဲဖြစ်ပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အရပ်သားတွေ မိုင်းအန္တရာယ်နဲ့ပတ်သက်တဲ့ အသိပညာ၊ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်ပေးစေချင်တယ်” လို့ သူက ဆိုပါတယ်။

 

ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လတွင်းက မြေမြှုပ်မိုင်းကြောင့် အရပ်သား တစ်ဦးသေဆုံးခဲ့သလို ဧပြီလထဲမှာလည်း မြေမြှုပ်မိုင်းကြောင့် အရပ်သား နှစ်ဦး ခြေနှစ်ဖက် ဆုံးရှုံးလိုက်ရပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – ပလက်ဝမြို့အတွင်း စစ်ရဟတ်ယာဉ်တစ်စင်း ပျံဝဲနေတာကို တွေ့မြင်ရပုံ