နယ်မြေရှင်းလင်းရေး ဟန်ပြလာလုပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရလို့ နှစ်ဦးသေ

Published on May 09, 2024

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာရှိ တာဝါတိုင်အထိုင်စခန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ(၁)က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

 

သစ်ပုတ်တာဝါတိုင်မှာ အထိုင်စခန်းချထားတဲ့ စစ်ကောင်စီတပ်သား အင်အား ၂၂ ဦးဟာ မေလ ၈ ရက် မနက် ၈ နာရီခန့်က ပြန်ချီတက်ကျေးရွာဘက်ကို တိုက်ပွဲမဖြစ်ပွားဘဲ နယ်မြေရှင်းလင်းရေး သွားခဲ့ကြပြီး သစ်ပုတ်ရွာဘက်ကို ပြန်လာချိန် ၆ နာရီ ၄၀ မိနစ်ခန့်မှာ ပြန်ချီတက်နဲ့ သစ်ပုတ်ရွာကြား ကျောက်တောင်အနီး ကြိုတင်ဆင်ထားတဲ့ ပဒေသာမိုင်း လေးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဦးသေပြီး နှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။

 

“သစ်ပုတ်တာဝါတိုင်ကနေ ပြန်ချီတက်ရွာဘက်ကိုထွက်သွားပြီး တစ်နေကုန်စစ်ဆေးနေတာ။ အမှန်က ဒီကောင်တွေ အထက်ဘက်ကို တက်မလာရဲ‌တော့ နိုင်ရာရွာတွေကိုဖိတာပေါ့။ သူတို့လည်း အထက်က စစ်တော့ ဟန်ပြစစ်ဆေးရေးတွေလုပ်ပြရတာပေါ့” လို့ အဲဒီတာဝန်ခံက ပြောတယ်။

 

သေဆုံးအလောင်းနဲ့ ဒဏ်ရာရ လူနာတွေကို မှတ်တိုင်ကျေးရွာဘက်က ဖောကားအပြာရောင်နဲ့ ည ၁၂ နာရီကျော်လောက်မှာ မှတ်တိုင်ဘက်ကို  ပြန်လည်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

 

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဟာ သစ်ပုတ်နဲ့ ပြန်ချီတက်ကျေးရွာကြားမှာ ကင်းပုန်းဝပ်နေပြီး ဒီနေ့ မေ ​၉ ရက် မနက်မှာ သစ်ပုတ်တာဝါတိုင်အထိုင်စခန်းဘက်ကို ပြန်လည်ဝင်ရောက်သွားတယ်လို့ ဆက်သွယ်ရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

 

ဒါ့အပြင် မေလ ၂ ရက် ညနေ ၆ နာရီအချိန်ခန့်က သစ်ပုတ်တာဝါတိုင်အထိုင်စခန်းကနေ ရေချိုးဆင်းလာတဲ့ စစ်ကောင်စီတပ်သား ၁၆ ဦးခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁) PPDF တပ်ရင်း၊ တပ်ခွဲ(၁)က ပဒေသာမိုင်း လေးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ သုံးဦးသေဆုံးပြီး သုံး ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – PPDF