ခြောက်ရက်ကြာမီးဖြတ်ပြီးနောက် ဖားကန့်မှာ ပုံမှန်မီးပြန်ရပြီ

Author အညာသား
Categories
Published on May 09, 2024

ကချင်ပြည်၊ ဖားကန့်မြို့နယ်မှာ ခြောက်ရက်ကြာမီးဖြတ်ပြီးနောက် ဒီနေ့ မေလ ၉ ရက်နေ့ကစပြီး ပုံမှန်မီးပြန်ရပြီလို့ အဲဒီက မြို့ခံတွေဆီက သိရပါတယ်။

 

မိုးကောင်း-ဖားကန့် ၆၆ ကေဗီ ဓာတ်အားလိုင်းတစ်လျှောက် ဓာတ်အားလိုင်းပိတ်ပြီး သစ်ပင်သစ်ကိုင်းရှင်းလင်းတာတွေအပြင် ဓာတ်အားလိုင်းအပြစ်ရှာတာတွေကို မေ ၃ ရက်ကနေ ၈ ရက်အထိ မြို့နယ်လျှပ်စစ်ရုံးက ဝန်ထမ်းတွေလုပ်ဆောင်ခဲ့ကြတာပါ။

 

“၂၄ နာရီတော့ မရသေးပါဘူး။ မနက်၊ ညနေကတော့ အချိန်ပိုင်းပြန်ရတယ်။ ညပိုင်းပေးတဲ့ဟာကတော့ အလင်းပေါက်တဲ့အထိ လာပါတယ်။ အခု(ဧပြီ ၉ ရက် နေ့လယ်)တောင်လာနေတယ်။ ပုံမှန်ပြန်ဖြစ်သွားတယ်လို့ပဲပြောရမှာပဲ” လို့ ၆၆ ကေဗီလိုင်းတစ်လျှောက်မှာတည်ရှိတဲ့ လုံးခင်းက မြို့ခံတစ်ဦးက ပြောပါတယ်။

 

လာမယ့်မိုးရာသီကာလမှာ အရင်လို ဓာတ်အားလိုင်းအပြစ်မကြာခဏ မဖြစ်ရအောင် ဖားကန့်လျှပ်စစ်ရုံး၊ မဟာဓာတ်အားလိုင်းမှူးရုံး(ဝိုင်းမော်)နဲ့ ဖားကန့်မြို့နယ် EI ကျွမ်းကျင်လက်မှတ်ရအဖွဲ့ စုစုပေါင်းလူအင်အား (၁၀ဝ)ကျော် ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

 

“ဓာတ်အားလိုင်းတစ်လျှောက်မှာ အခုလိုခုတ်ထွင်ရှင်းလင်းမှုတွေမလုပ်ဖြစ်ခဲ့တာ သုံးနှစ်လောက်ရှိပြီ။ အခုရှင်းပြီးသွားပြီဆိုတော့ မိုးကောင်းနဲ့ ဖားကန့်ကြား ဓာတ်အားလိုင်းအပြစ်ဖြစ်ပေါ်တာတွေ နည်းသွားမှာပါ။ နဘား၊ မိုးညှင်း၊ မိုးကောင်းဘက်နဲ့ မြစ်ကြီးနား၊ ချီဖွေဘက် လိုင်းအပြစ်နည်းဖို့သာ ဆုတောင်းရမယ်” လို့ ဖားကန့်မြို့နယ် လျှပ်စစ်ဝန်ထမ်းတစ်ဦးက ပြောတယ်။

 

မေလဆန်းပိုင်းကစလို့ တိုင်းနဲ့ ပြည်နယ်အနှံ့အပြားမှာ မိုးသက်လေပြင်းတွေကျရောက်ခဲ့တာကြောင့် သစ်ပင်ကြီးတွေပြိုလဲတာ၊ ဓာတ်ကြိုးဓာတ်တိုင်တွေ ကျိုးကျပျက်စီး​တာတွေဖြစ်ပေါ်ခဲ့လို့ အချိန်အတော်ကြာ လျှပ်စစ်ဓာတ်အားပြတ်တောက်တာတွေ ကြုံတွေ့ခဲ့ရတယ်။

 

ပြီးခဲ့တဲ့ ဧပြီလအတွင်း နိုင်ငံအဝန်း ရာသီဥတုပူပြင်းမှုဒဏ်ကို ဆိုးရွားစွာခံစားရပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် အခြားဒေသတွေမှာ လျှပ်စစ်မီးမရရှိတာကြောင့် သောက်သုံးရေရှားပါးမှုအပြင် နေထိုင်စားသောက်မှုဆိုင်ရာအခက်ခဲတွေကြုံတွေ့ခဲ့ရပါတယ်။ အဲဒီလိုကြုံတွေ့ခဲ့ရတဲ့အတွက် ရန်ကုန်က မြို့နယ်တွေမှာ လျှပ်စစ်ဓာတ်အား လုံလောက်စွာမပေးနိုင်မှုအပေါ် လျှပ်စစ်ဌာန(EPC)ကို မြို့ခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး မေ ၇ ရက်က ဆန္ဒထုတ်ဖော်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ESE Hpa Khant

 

ပုံစာ – မိုးကောင်း-ဖားကန့် ၆၆ ကေဗီ ဓာတ်အားလိုင်းတစ်လျှောက် တောခုတ်ရှင်းလင်းမှုတွေ ပြီးမြောက်သွားတာကို တွေ့ရစဉ်