PDF နှင့်ဆက်သွယ်သည်ဟုဆိုကာ ဖျာပုံမြို့နယ်ရဲစခန်းမှ ရဲသုံးဦးနှင့်ရဲမေတစ်ဦး ဖမ်းဆီးခံရ

Author အောင်နိူင်သူ
Categories
Published on Sep 29, 2022

PDF နှင့် ဆက်သွယ်ခဲ့သည်ဆိုကာ ဖျာပုံမြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်သုံးဦးနှင့် ရဲမေတစ်ဦးကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

ဖျာပုံမြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့သုံးဦးနှင့် ဇနီးဖြစ်သူတစ်ဦးကို စက်တင်ဘာ ၂၇ ရက်နေ့က စစ်ကောင်စီတပ်တွေကဖမ်းဆီးခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးပြောသည်။

“ဖမ်းတာက သတင်းထိန်ချန်လို့ PDF နဲ့ဆက်သွယ်တယ်ဆိုပြီး ဖမ်းတာ ရဲသုံးဦးနဲ့ ရဲမေတစ်ဦး ရဲစခန်းထဲဝင်ဖမ်းတာဘယ်သူကိုမှ မတင်ပြဘူး အသိမပေးဘူး”ဟု CJ Platformကို ပြောသည်။

ဖမ်းဆီးခံရသူများမှာ ဖျာပုံမြို့နယ်ရဲစခန်းမှ ရဲတပ်သား မင်းထက်ပိုင် ၊ ရဲတပ်ကြပ် ထွန်းထွန်းနိုင် ၊ ရဲတပ်သား ထက်လင်းနှင့် ဇနီးဖြစ်သူ ရဲမေကေသီဝင်းတို့ဖြစ်ပြီး ကျိုက်လတ်ရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့ကို ကျိုက်လတ်မှာပဲ ထားမလား စစ်ကြောရေးကို ပို့မလားမသိဘူး ပြည်ထဲရေးက စာတင်ထားတယ် ရဲဘက်က စစ်တပ်ကတော့ စစ်ခုံရုံးကို ပို့မယ်နဲ့တူတယ်”ဟု CJ Platform ကိုပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖျာပုံမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှု့များနှင့် ပတ်သက်ပြီး ရဲများနှင့်ဌာနဆိုင်ရာဝန်များကို စစ်ကောင်စီတပ်က လိုက်လံစုံစမ်းနေသည်ဟု ဌာနဆိုင်ရာအသိုင်းအဝိုင်းက သိရသည်။

ဖျာပုံမြို့နယ် အထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးကို စစ်ကောင်စီက စက်တင်ဘာ ၂၃ ရက်က ဖမ်းဆီးပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂-(ည)ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။

အလားတူပင် ဒေးဒရဲမြို့နယ်မှာ စည်ပင်ရုံးဗုံးပေါက်သည့်ကိစ္စဖြင့် စက်တင်ဘာလ ၁၃ ရက်က စည်ပင်ဝန်ထမ်းလေးဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာလည်းရှိသည်။