မန်းမှာ အပူဒဏ်သက်သာစေဖို့ မိုးဦးကျမှာစပြီး သစ်ပင်တွေ စိုက်တော့မယ်

Author အညာသား
Categories
Published on May 06, 2024

အပူဒဏ်ကို လူသေဆုံးတဲ့အထိ ဆိုးရွာစွာခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ နှောင်နှစ်တွေ အပူဒဏ်သက်သာစေဖို့ လာမယ့်မိုးဦးကျ ဇွန်လပိုင်းကနေ စတင်ပြီး မြို့ဝန်းကျင်မှာ အရိပ်ရသစ်ပင်တွေ စိုက်ပျိုးသွားမယ်လို့ Memorial Floral Service & indoor Plants အဖွဲ့ဆီက သိရပါတယ်။

 

အစိမ်းရောင်ဝန်းကျင်လူပ်ရှားမှုအနေနဲ့ သစ်ပင်စိုက်ပျိုးဖို့ စိတ်အားထက်သန်တဲ့ မန္တလေးမြို့ခံ Memorial Floral Service & indoor Plants အဖွဲ့က စတင်နှိုးဆော်ပြီး အရိပ်လည်းရသလို လှပတဲ့ ပိတောက်၊ကံ့ကော်၊စိန်ပန်း၊ငုစပ် သစ်ပင်တွေ စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ လက်ရှိမှာ ပျိုးပင်တွေ စတင်စုဆောင်းနေတယ်လို့ သိရပါတယ်။

 

“ပူပြင်းလာတဲ့ ရာသီဥတုကို အံတုနိုင်ဖို့ တပိုင်တနိုင်စစိုက်ဖို့စိတ်ကူးရာကနေ ပါဝင်လိုသူတွေများလာတဲ့အတွက် စနစ်တကျအဖွဲ့ ဖွဲ့ပြီး ဆောင်ရွက်သွားမှာပါ။ တစ်ယောက်ထဲ အားထက် တစ်ယောက်တစ်လက် ဝိုင်းဝန်းပါဝင်ကြမယ်ဆိုရင် ပိုမိုရှေ့ရောက်မယ်လို့ ယုံကြည်ပါတယ်”လို့  အထက်ပါအဖွဲ့ဝင် အမျိုးသမီးတစ်ဦးက  CJ Platformကို ပြောပါတယ်။

 

မိုးဦးကျမှာ သစ်ပင်တွေစတင်စိုက်ပျိုးနိုင်ဖို့ အခုချိန်ကစလို့ ပျိုးပင်တွေ စတင်အလှူခံနေပြီး အစီစဉ်အတွက် အသေးစိပ်အကောင်ထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် volunteer group စတင်ဖွဲ့စည်းနေပြီဖြစ်တဲ့အပြင်  မိမိအိမ်မှာ တာဝန်ယူစိုက်ပျိုးလိုသူတွေအတွက် အပင်တွေပေးလှူနိုင်ဖို့လည်း စီစဉ်သွားမယ်လို့ သိရပါတယ်။

 

အဲ့ဒီအဖွဲ့အနေနဲ့ သစ်ပင်စိုက်ပျိုးဖို့ ရှေ့လုပ်ငန်းစဉ်တွေဖြစ်တဲ့ စိုက်ပျိုးမယ့် အပင်အမျိုးအစားတွေ သတ်မှတ်ဖို့၊ အပင်လက်ခံမှုအချိန်နဲ့ နေရာ၊ စိုက်ပျိုးပြီး ပြုစုစောင့်ရှောက်ရေလောင်းပေးမယ့် အစီအစဉ်တွေအပြင် သက်ဆိုင်ရာအရပ်ဒေသတွေက အပင်စောင့်ရှောက်ပေးမယ့် အကြီးအကဲတွေနဲ့ တွေ့ဆုံရေး အဆင့်ဆင့်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ်ကလည်း မန္တလေးမြို့မှာ အပူချိန် ၄၄ဒီဂရီအထိမြင့်တက်ခဲ့လို့ Heat Strokeဖြစ်စဉ် ဖြစ်ပေါ်ခဲ့ရာက အပူဒဏ်ကြောင့် လူတွေမြောက်များစွာသေဆုံးခဲ့ဖူးပါတယ်။

 

မန္တလေးမြို့ အပူဒဏ်လျော့ကျဖို့အတွက် ၂၀၀၉-၂၀၁၀ခုနှစ်ဝန်းကျင်က မြို့ခံစာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ဂီတနယ်ပယ်ကအနုပညာရှင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ သဘာ၀ဝန်းကျင်စိတ်ဝင်စားသူတွေ အပါဝင် တခြားကဏ္ဍအသီးသီးက ပညာရှင်လူပုဂ္ဂိုလ်တွေစုပေါင်းပြီး  “စိမ်းရောင်စို”အဖွဲ့  ဖွဲ့စည်းလို့ မန္တလေးမြို့အပါအဝင် အနီးဝန်ကျင်အထက်မြန်မာပြည်ဒေသတွေမှာ သစ်ပင်စိုက်ပျိုးတာတွေ၊ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ စာပေဟောပြောပွဲတွေ၊ သင်တန်းတွေ စီစဉ်ဆောင်ရွက်ခဲ့ကြဖူးပါတယ်။

 

လက်ရှိ မန္တလေးမြို့မှာ အစိုးရမဟုတ်တဲ့ အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ “စိမ်းရောင်စို”၊ “သဘာ၀စိမ်း”အဖွဲ့အစည်းတွေက သစ်ပင်စိုက်ပျိုးတာ၊ ဘဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။