စစ်ကောင်စီထံ ကိုယ်တိုင်အဆိုပြုပြီး အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူ နေအိမ်မှာပဲ ပစ်သတ်ခံရ

Published on May 06, 2024

ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ် ကုန်းသာရွာနေအုပ်ချုပ်ရေးမူးဟာ အမျိုးမျိုးအာဏာပြနေတာကြောင့် မေ ၅ရက်က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ PPDF တပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ကုန်းသာရွာနေ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်(၆၀)နှစ်ခန့်ဟာ စစ်မှုထမ်းကိစ္စ၊လယ်ယာမြေ ကိစ္စတွေမှာ ငွေတောင်းတာတွေအပြင် ကျေးရွာသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာတွေလုပ်ဆောင်တဲ့အတွက် နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနဲ့သတင်းပြန်ကြားရေးတာဝန်ခံက CJ PLatformကို ပြောပါတယ်။

 

“အဲ့ရွာက စစ်တပ်နဲ့ နီးတယ် ခြေလျင်လျှောက်ရင်တောင် ၁၅ မိနစ်လောက်ပဲကြာတယ်။ ကျွန်တော်တို့လည်း မြန်မြန်ရှင်းပြီး ထွက်လာခဲ့ရတာ။ စစ်ကောင်စီတွေနဲ့ပေါင်းပြီး ပြည်သူကို ဒုက္ခပေးနေတာ စစ်မှုထမ်းကိစ္စနဲ့ တခြားကိစ္စတွေရော”လို့ သူက ဆိုပါတယ်။

 

နွားခြံကုန်းအုပ်စုအတွင်းက အုပ်ချုပ်ရေးမှူးနှစ်ယောက် ပစ်ခတ်ခံရပြီးနောက် အုပ်ချုပ်ရေးရာထူးလစ်လပ်နေချိန် ဦးဝင်းလှိုင်က အုပ်စုတွင်း အုပ်ချုပ်ရေးမှူး လုပ်မယ့်သူမရှိဘူးဆိုရင် တာဝန်ယူဆောင်ရွက်ချင်တယ်လို့ မှတ်တိုင်ကျေးရွာမှာ အထိုင်ချနေတဲ့ စစ်ကောင်စီဗိုလ်မှူးဆီ သွားရောက်ပြောဆိုခဲ့ပြီးနောက် အုပ်ချုပ်ချုပ်ရေးမှူး ဖြစ်လာတာဖြစ်ပြီး တစ်နှစ်ခန့် အကြာမှာ အခုလို ရှင်းလင်းခံရတာဖြစ်တယ်လို့  ပေါင်းတည်ဒေသခံ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောပါတယ်။

 

သေဆုံးအလောင်းကို ပစ်ခံရတဲ့နေ့မှာပဲ ကျေးရွာမှာရှိတဲ့ နာရေးကားနဲ့ မှတ်တိုင်ဆေးရုံကို နေ့လယ် ၃ နာရီလောက်မှာ သယ်ဆောင်သွားတယ်လို့  သတင်းနဲ့ပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီက တပ်ဆင်ပေးထားတဲ့ ခြောက်လုံးပြူးတစ်လက်နဲ့ MA1 အရှည်တစ်လက်ကိုင်ဆောင်ထားသူ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဖလန်ပင်အုပ်စု၊ ရွာသစ်ကျေးရွာမှာ နေထိုင်တဲ့ ပျူစောထီး(ပြည်သူ့စစ်)ခေါင်းဆောင် ရာအိမ်မှူး ဦးမြင့်အောင်(၅၀)နှစ်ကို မေလ ၂ ရက်​ နေ့လယ် ၁နာရီ ၁၀မိနစ်ခန့်မှာ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ- အုတ်ဖိုထံက သိရပါတယ်။

 

ဓာတ်ပုံ- ပေးပို့