အမှိုက်ကလောင်တဲ့မီး ဆယ်နာရီကျော်ကြာ ငြှိမ်းခဲ့ရ

Author အညာသား
Categories
Published on May 06, 2024

မန္တလေးတိုင်း အမရပူရမြို့နယ်မှာရှိတဲ့ တောင်အင်းမြောက်အင်း အမှိုက်ပုံမှာ ကနေ့ မေ ၆ရက် မနက်အစောပိုင်း ၃နာရီခွဲကျော်က မီးစတင်လောင်ကျွမ်းခဲ့ရာ နေ့လယ် ၁နာရီကျော်မှသာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သွားရောက်မီးငြိမ်းခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။

 

မီးလောင်မှုဟာ နာရီပေါင်း ဆယ်နာရီကျော်ကြာလောင်ကျွမ်းခဲ့ပြီး အမှိုက်ပုံနား နေထိုင်တဲ့သူတွေရဲ့အိမ်တွေ မီးလောင်ကျွမ်းခဲ့တဲ့အပြင် မီးတောက်နဲ့မီးခိုးလုံးထုဟာ ကြီးမားကျယ်ပြန့်ခဲ့ပါတယ်။

“မီးလောင်ပြင်နေရာကို ကျွန်တော်တို့အသင်းအနေနဲ့ ရေကားအပြင် မနက်အစောကြီးဆိုတော့ အလင်းရောင်ရရှိဖို့အတွက် မီးအလင်းရောင်ပေးတဲ့ ကားနှစ်စီးသွားရောက်ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ဝိုင်းငြှိမ်းသတ်ပေးခဲ့တယ်။ အမှိုက်ပုံကကြီးတဲ့အတွက် မီးခိုလုံးကြီးတွေကလည်း တောင်လောက်ရှိတော့ မီးခိုးရိုက်ပြီး မျက်စိတွေစပ် အသက်ရှုကြပ်တယ်”ဟု သွားရောက်ကူညီပေးခဲ့တဲ့ မဏီစလ လူမှုကူညီရေးအသင်းက အဖွဲ့ဝင်တစ်ဦးက ပြောတယ်။

အမှိုက်ပုံမီးလောင်မှုကို နယ်မြေခံမီးသတ်စခန်းက မီးသတ်ယာဉ်တွေနဲ့ တပ်ဖွဲ့ဝင်တွေအပါအဝင် မန္တလေးမြို့တွင်းမှာရှိတဲ့ မီးသတ်စခန်းတွေက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မီးငြှိမ်းသတ်ယာဥ်တွေအပြင် လူမှုကူညီရေးအသင်းတွေက ရေသယ်ယာဥ်တွေနဲ့ အဖွဲ့ဝင်တွေပါ သွားရောက်ဝိုင်းဝန်းငြိမ်း သတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အမှိုက်ပုံဟာ မရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ညောင်ပင်စောက်ကျေးရွာအတွင်း ပါဝင်ပြီး တောင်အင်း၊မြောက်အင်းသုတ်သာန်မီးသင်္ဂြုလ်စက်နဲ့ မျက်နှာချင်းဆိုင်မှာတည်ရှိပါတယ်။

 

မန္တလေးမြို့ကထွက်ရှိတဲ့ အမှိုက်တွေကို မြို့တော်စည်ပင်က အမှိုက်ကားတွေနဲ့ လာရောက်စွှန့်ပစ်တဲ့နေရာဖြစ်ပြီး အမှိုက်ပုံကြီးက ထုထည်ကြီးမားသလို ဧရိယာကျယ်ပြန့်မှုကလည်း ဧကများစွာရှိပါတယ်။ အမှိုက်ပုံအနီးမှာလည်း လာရောက်စွှန့်ပစ်တဲ့အမှိုက်တွေထဲက ပြန်လည်ရောင်းချလို့ရတဲ့အရာတွေ ရှာဖွေတဲ့သူတွေနေထိုင်တဲ့ အိမ်လေးတွေရှိပါတယ်။

 

ဓာတ်ပုံ – Than Htay၊ Kyaw Nain Win၊ မဏီစလ