ရေချိုးဆင်းလာသည့် ပေါင်းတည်က စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရ၊ သုံးဦးသေဟုဆို

Published on May 03, 2024

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာ တာဝါတိုင်တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သားများ ရေတွင်းသို့ ရေချိုးဆင်းလာစဉ် မေ ၂ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ယင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ (PPDF)၏ ထုတ်ပြန်ချက်အရ သိရသည်။

 

သစ်ပုတ်တာဝါတိုင် အထိုင်စခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား ၁၆ ဦးခန့်သည် ညနေ ၆ နာရီခန့်တွင် ရေချိုးဆင်းလာခိုက် သစ်ပုတ်ကျေးရွာ ရေတွင်းအနီး ပဒေသာမိုင်း လေးလုံးဖြင့် ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁) PPDF တပ်ရင်း၊ တပ်ခွဲ ၁ မှ ဖောက်ခွဲတိုက်ခိုက်ခဲ့သောကြောင့်  သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု (၃၆၀၁ PPDF)တပ်ရင်း၊ ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားတာဝန်ခံက CJ Platform သို့ပြောသည်။

 

“သူတို့ရေဆင်းချိုးတဲ့အချိန် ရေတွင်းနား လူစုမိတဲ့အခါမှာ ဖောက်ခွဲခဲ့တာဖြစ်လို့ နေရာမှာတင် သုံးဦးသေတယ်။ သုံးဦးက ဒဏ်ရာရသွားတယ်” ဟု ၎င်းက ပြောသည်။

 

 

သေဆုံးအလောင်းနှင့် ဒဏ်ရာရလူနာများကို သစ်ပုတ်တာဝါတိုင်အထိုင်စခန်းထဲသို့ သယ်ဆောင်သွားပြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဟု သိရသည်။

 

စစ်ကောင်စီတပ်သားများသည် ယနေ့ မေ ၃ ရက် နံနက် ၈ နာရီခန့်တွင် သစ်ပုတ်ကျေးရွာအနီးရှိ ယာတဲများကို မီးရှို့နေပြီး တဲအိမ် ခြောက်လုံးခန့် မီးလောင်ပျက်စီးခဲ့သည်ဟု အထက်ပါသတင်းတာဝန်ခံက ဖြည့်စွက်ပြောဆိုသည်။

 

ထို့ပြင် ပြည်ခရိုင်၊ ပေါင်းတလည်မြို့ အ.ထ.ကကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်ခရိုင် ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ ၅ မှ ဧပြီ ၂၂ ရက် နံနက် ၆ နာရီခွဲခန့်တွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

 

ရုပ်သံ – ပေးပို့