ရေစကြိုတွင် ရိက္ခာပို့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်၊ နှစ်ဦး သေဆုံးဟုဆို

Author မင်းထက်
Categories
Published on May 03, 2024

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းမှ ရှေ့ပြေးမိုင်းရှင်း စစ်ကောင်စီတပ်သား ငါးဦးကို ယမန်နေ့ မွန်းတည့်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ရေစကြို-ပခုက္ကူကားလမ်းဘေးရှိ တောင်အိုတာတိုင်ဂိတ်မှထွက်လာသော အင်အား ၅၀ ခန့်ပါ စစ်ကောင်စီကြောင်းအတွင်းမှ မိုင်းရှင်းလင်းရေး ရှေ့ပြေး စစ်သားများကို မေလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က မုံညင်းကျေးရွာနှင့် သော်ကဲဘကျေးရွာကြားအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

“တောင်အိုတာတိုင်ဂိတ်ကနေ အင်အား ၅၀ ခန့်နဲ့ ခြေလျင်စစ်ကြောင်းလာတာပါ။ တောင်အိုတာတိုင်ဂိတ်နဲ့ ခုနေရာနဲ့က သုံးမိုင်လောက်တော့ ဝေးပါတယ်ဗျ။ စစ်ကြောင်းက တောင်အိုတာတိုင်ဂိတ်ကို ရိက္ခာလာပို့တယ်လို့ ကျွန်တော်တို့ ယူဆတယ်ဗျ။ တိုက်ခိုက်ခဲ့တာက အပြန်ပါ” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

 

စစ်ကောင်စီတပ်သားများ၏ သေဆုံးမှုကို ဒရုန်းမှတစ်ဆင့် မျက်မြင်တွေ့ခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားများသည် ပြန်လည်မပစ်ခတ်နိုင်ခဲ့ဘဲ ထိခိုက်ဒဏ်ရာရသူများကိုသာ မုံညင်းကျေးရွာမှတစ်ဆင့် ခလရ ၂၅၆ တပ်အတွင်းသို့ စောင်များဖြင့် ထမ်းခေါ်သွားကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

 

အထက်ပါ တိုက်ခိုက်မှုကို ရေစကြိုမြို့နယ်ပကဖနှင့် ပခုက္ကူခရိုင်တပ်ရင်း အမှတ် ၉ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်နေ့က ရေစကြိုမြို့နယ်၊ ဟင်္သာကျေးရွာမှထွက်လာသော စစ်ကောင်စီနှင့် ပျူစောထီးတပ်သားများကို ကြိုတင်စောင့်ဆိုင်းပစ်ခတ်ခဲ့ရာ ပြည်သူ့စစ် သုံးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုမြို့နယ်ပကဖထံမှ သိရသည်။

 

ရုပ်သံ – ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့