အား/ကာစီမံကိန်းကြောင့် ကျောက်တိုင်၊ကိုးသိန်း အားကစားကွင်းများရှိ ဆိုင်ခန်း ၂၀၀ ကျော် ဖျက်သိမ်းခံရတော့မည်

Author လင်းနွေဦး
Categories
Published on May 02, 2024

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကျောက်တိုင်အားကစားကွင်းနှင့် ကိုးသိန်း အားကစားကွင်းများတွင် စီမံကိန်းဆောင်ရွက်ရန်အတွက် ဖွင့်လှစ်ထားသည့်ဆိုင်ခန်းများကို တစ်လအတွင်း ဖယ်ရှားပေးရမည်ဆိုသဖြင့် ဆိုင်ခန်းပိုင်ရှင်များနှင့် ဌားရမ်းထားသူများ အခက်အခဲဖြစ်နေကြောင်း ဆိုင်ခန်းဖွင့်လှစ်ထားသူတစ်ဦးမှ CJ Platform သို့ပြောသည်။

 

စစ်ကောင်စီလက်အောက်ရှိ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန (အား/ကာဝန်ကြီးဌာန)ဖယ်ရှားပေးရန် အကြောင်းကြားစာများအား ယမန်နေ့နံနက်တွင် ဆိုင်ခန်းစေ့လိုက်လံ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုင်ခန်းများအား မေလ ၃၁ ရက်နေ့ နောက်ဆုံးထားကာဖယ်ရှားပေးရမည် ဟု အကြောင်းကြားစာအတွင်းပါရှိကြောင်း အကြောင်းကြားစာရရှိသည့် ဆိုင်ခန်းဌားရမ်းဖွင့်လှစ်ထားသူ တစ်ဦးထံမှ စုံစမ်းသိရှိရသည်။

 

“ညီမတို့ကဌားရမ်းဖွင့်လှစ်သူဆိုတော့ ဒုက္ခရောက်ပေမဲ့ ပိုင်ရှင်တွေကပိုနစ်နာတောပေါ့။ ဆိုင်ခန်းလေးက ခုမှလူသိရုံ အဆင်ပြေရုံရှိသေးတယ်။ ပြောင်းရမယ်ဆိုတော့ အခက်အခဲဖြစ်တာပေါ့”ဟု ဆိုင်ခန်းဌားရမ်းဖွင့်လှစ်ထားသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှ CJ Platform သို့ပြောသည်။

 

အား/ကာ ဝန်ကြီးဌာနမှ ပို့ဆောင်ခဲ့သည့် အကြောင်းကြားစာအတွင်း ဌာနရှိ အားကစားကွင်း/ရုံများ၏ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဌာနပိုင် မြေနေရာများပေါ်တွင် ဌားရမ်းတည်ဆောက်ထားသည့် ဈေးဆိုင်ခန်းများကို စနစ်တကျ ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်သဖြင့် ကျောက်တိုင်အားကစားကွင်းနှင့် ကိုးသိန်းအားကစားကွင်းများရှိ ဈေးဆိုင်ခန်းများအား ကြိုတင်ပြင်ဆင်ထားနိုင်ရန် အကြောင်းကြားခြင်းဖြစ်သည်ဟု ပါရှိသည်။

 

“ဒီမြေတွေကလေ အတော်ကြာပြီ။ နှစ် ၂၀ လောက်ရှိပြီ။ အရင်ကဒီလို တစ်ခါမှ မကြုံဖူးဘူး။ ဒီ။ အခုမှ ဒီဖျက်သိမ်းစာရတော့ လူတွေက ဘာဆက်လုပ်ရမှန်းတောင်မသိတော့ဘူး။ မိုးပြိုအများဆိုတဲ့ စကားပုံလည်းရှိတယ်မို့လား၊ အများကြီးပြန်ကြိုးစားကြရမှာပေါ့”ဟု ဖယ်ရှားပေးရမည့် နေရာအတွင်းပါဝင်သည့် ဆိုင်ပိုင်ရှင် တစ်ဦးမှ CJ Platform သို့ရင်ဖွင့်သည်။

 

စစ်ကောင်စီလက်အောက်ခံ အား/ကာ ဝန်ကြီးဌာန၏ သတိပေးစာကြောင့် ဖယ်ရှားဖျက်သိမ်းပေးရမည့် ဆိုင်ခန်းအရေအတွက်မှာ ထင်ထားသည်ထက်ပိုမိုများပြားကြောင်း၊ အရေအတွက်အားဖြင့် ၂၀၀ ကျော်ခန့်ရှိပြီး တစ်လအတွင်းဖယ်ရှားရမည်ဆိုသဖြင့် ဆိုင်ခန်းများ ပြောင်းရွှေ့နိုင်ရေးအတွက် နေရာများကြိုတင်ဌားရမ်းမှုများ ပြုလုပ်ရမည်ဖြစ်သဖြင့် အခန်းဌားရမ်းခများ ဈေးတက်မည်ကို စိုးရိမ်ပူပန်မှုများရှိနေကြောင်း ဆိုင်ခန်းပိုင်ရှင်များနှင့် ဌားရမ်းဖွင့်လှစ်သူများထံမှ စုံစမ်းသိရှိရသည်။

 

ဓာတ်ပုံ – ကျောက်တိုင်အားကစားကွင်းအနီးရှိ ဖျက်သိမ်းရမည့် ဆိုင်ခန်းများအား မြင်ရပုံ