သင်တန်းသား ၅၀၀ ကျော်ဖြင့် KNDF၏ စစ်ဗျုဟာသစ် သင်တန်းဆင်း

Author မင်းထက်
Categories
Published on May 01, 2024

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တိုးချဲ့ ဗျူဟာအသစ် စစ်ဗျူဟာအမှတ်(၇)၏ အပတ်စဉ်(၁)အခြေခံစစ်သင်တန်းတွင် သင်တန်းသား ၅၀၀ ကျော်ဖြင့် ယမန်နေ့က သင်တန်းဆင်းခဲ့သည်ဟု ပါဝင်တက်ရောက်ခဲ့သည့်အဖွဲ့တစ်ခုဖြစ်သော ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ်အဖွဲ့ (SSRY)ထံမှ သိရသည်။

ကရင်နီပြည်၊ ဒီးမောဆိုမြို့နယ် အရှေ့ခြမ်းတစ်နေရာတွင် အဆိုပါအခြေခံစစ်သင်တန်းဆင်းပွဲကို ယ​​မန်နေ့ ဧ​ပြီ ၃၀ ရက်တွင်ပြုလုပ်ခဲ့ပြီး သင်တန်းကာလ တစ်လကြာမြင့်ခဲ့သည်ဟု သိရသည်။

 

ကရင်နီဒေသတွင်းမှ ရဲဘော်များအပါအဝင် ရှမ်းပြည်(တောင်ပိုင်း)က ရဲဘော် ၁၅၂ ဦး တက်ရောက်ခဲ့သည့်အနက် SSRY မှ ရဲဘော်သစ် ၉၇ ဦး ပါဝင်တက်ရောက်ပြီးစီးခဲ့ကြောင်း သိရသည်။

“လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည်သူအပေါ် ကာကွယ်စောင့်ရှောက်မှုတွေနဲ့ ရဲဘော်စစ်ကြောင်း ပြရမယ်။ ရန်သူကို ရန် ငါ စည်းပြတ် တိုက်ခိုက်ချေမှုန်းပြီးတော့ စစ်အာဏာရှင် ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်ဖို့ စတဲ့အချက်တွေနဲ့ သက်သေပြရမှာဖြစ်ပါတယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဒုစစ်ဦးစီးချုပ် မာဝီက ယင်းသင်တန်းဆင်းပွဲ၌ ပြောကြားခဲ့သည်။

 

လက်ရှိတွင် ကရင်နီပြည်အတွင်း တိုက်ပွဲများမှာ ဝင်ရောက်တိုက်ခိုက်ခြင်းမရှိဘဲ သေနတ်ကိုင်ဆောင်ပြီး အလေလိုက်နေသော ရဲဘော်အယောင်ဆောင်များရှိနေသည့်အတွက် KNDF ရဲဘော်သစ်များအနေဖြင့် စည်းကမ်းပြည့်ဝပြီး တိုက်ရည်ခိုက်ရည်ရှိကာ နှလုံးရည် ပြည့်ဝသောတပ်ဖွဲ့ဝင်များဖြစ်ရေး ကြိုးစားကြရန် လိုအပ်ကြောင်း စစ်ဦးစီးချုပ်က ပြောဆိုခဲ့သည်။

“တော်လှန်ရေးကာလမှာ မိမိတို့ ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ်အဖွဲ့(SSRY)ကို လက်တွဲခေါ်ဆောင်ပေးတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ကို အထူးကျေးဇူးတင်ရှိပြီး ရည်ရွယ်ချက်ပန်းတိုင်တူတဲ့ ညီနောင်မဟာမိတ်တပ်ရင်းတပ်ဖွဲ့တို့နဲ့အတူ လက်တွဲတိုက်ပွဲ​ဝင်​ပြီး အောင်​မြင်မှုပန်းတိုင်​​ရောက်တဲ့အထိ ခရီးဆက်သွားပါမယ်ဗျ” ဟု SSRYက ဖော်ပြပြောဆိုထားသည်။

 

အထက်ပါ အခြေခံစစ်သင်တန်းဆင်းပွဲမှ သင်တန်းဆင်းပြီးလာသည့် ရဲဘော်များအနက် တိုက်ခိုက်ရေး၊ ဆေးတပ်၊ ကယ်ဆယ်ရေး၊ရုံးပိုင်းနှင့် ထောက်ပို့စသည့် လုပ်ငန်းတာဝန်များဆောင်ရွက်မည့်  ရဲဘော်များပါဝင်ကြောင်း သိရသည်။

 

ဓာတ်ပုံ – 1008-SSRY Eagle Force