ဒီးမော့ဆိုတွင် စစ်ကောင်စီ၏ မြေမြှုပ်မိုင်းကြောင့် ကလေးတစ်ဦး သေဆုံး

Author မင်းထက်
Categories
Published on Apr 30, 2024

ကယားပြည် (ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ် ပူဖားရွာအနီးတွင် ဧပြီ ၂၈ရက်နေ့ နံနက်ပိုင်းက နွားကျောင်းနေသည့် ကလေးငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးခဲ့ရကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။

 

” ခုပူဖာယက နွားကျောင်းထိတဲ့ မိုင်းကတော့ စစ်တပ်ထောင်းထားတဲ့ မိုင်း ၁၄ မိုင်း ဖြစ်ပါတယ်။  စစ်တပ်ကထောင်းထားလို့ ဘာလို့ ပြောနိုင်လဲဆို ၁၄ မိုင်း ၁၆ မိုင်းတွေကို တော်လှန်းရေးဘက်က တပ်ဖွဲ့တွေ မိုင်းတွေ မဟုတ်ပါဖူး တော်လှန်းရေးတပ်ဖွဲ့က ထောင်းတဲ့မိုင်းအများစုက လက်လုပ်မိုင်းတွေ ဖစ်နိုင်ပါတယ်” ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ကရင်နီပြည် ( ကယားပြည်နယ် ) ထဲတွင် စစ်ကောင်စီတပ်အခြေချ တပ်စွဲခဲ့သော တပ်စခန်း၊ ဘုရားကျောင်းနှင့် နေအိမ် စုစုပေါင်းနေရာ နှစ်ရာနီးပါးသည် မြေမြှုပ်မိုင်းများ ရှိနေကြောင်း ၊ ၄င်းတို့ကို  လက်တလော ရှင်းလင်းဖို့ရန် အခက်အခဲများ ရှိနေသေးကြောင်း သိရသည်။

 

ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ( KnHRG ) ၏ ကောက်ယူရရှိထားသော အချက်အလက်များ အရ မတ်လနှင့် ဧပြီလအတွင်း မိုင်းကြောင့် သေဆုံးသူ သုံးဦး နှင့် ထိခိုက်ဒါဏ်ရာရသူ လေးဦး ရှိကြောင်း၊  အချက်အလက် ကောက်ယူနိုင်ခြင်း မရှိသည့် ဖြစ်စဉ်များလည်း ရှိခြင်းကြောင့် မြေပြင်တွင် ယခုဖြစ်စဉ်များထက် ပိုမိုများပြားနိုင်ကြောင်း  KnHRG တာ၀န်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးဒဏ်ရာရသူများသည် ၂၀၂၃ ခုနှစ်အတွင်းမှာ  ၁၀၅၂ ဦး ရှိလာကြောင်း ၊   ၄င်းအရေအတွက်သည် ၂၀၂၂ ခုနှစ်က အစီရင်ခံတင်ပြထား​သော အရေအတွက်ထက် သိသိသာသာမြင့်တက်လာကာ  ထိခိုက်ခံစားရသူ စုစုပေါင်း ၃၉၀ ဦး၏  နှစ်ဆထက်  ကျော်လွန်သွားပြီး ရာခိုင်နှုန်းအားဖြင့်  ၂၇၀ ရာခိုင်နှုန်းရှိကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)က ထုတ်ပြန်ထားသည်။

 

နိုင်ငံတဝန်း မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ၏ ပေါက်ကွဲမှုများကြောင့် ထိခိုက်ခံစားရသူ အရေအတွက်စုစုပေါင်း၏ ၂၁ ရာခိုင်နှုန်းသည် ကလေးငယ်များဖြစ်သည်။

 

ဓာတ်ပုံ – ကရင်နီ လူ့အခွင့်အရေးအဖွဲ့