အင်းစိန်ထောင်တွင် ထောင်ဝင်စာတွေ့ခွင့် ကြိုတင်နေရာရောင်းစား၍ တန်းစီစောင့်ဆိုင်းရသူများ အခက်ကြုံနေ

Author လင်းနွေဦး
Categories
Published on Apr 30, 2024

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ထောင်ဝင်စာလူ‌တွေ့ခွင့်နှင့် ထောင်ဝင်စာပါဆယ်ပို့ဆောင်မှုများပြုလုပ်ရာတွင် အကျဉ်းထောင်ဝန်ထမ်းများနှင့်နီးစပ်သူများက နေရာကြိုတင်ရောင်းချမှုများပြုလုပ်နေသည့်အတွက် ထောင်ဝင်စာလာတွေ့သူများ အခက်ကြုံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းက ပြောသည်။

 

အင်းစိန်ထောင်သည် စစ်ကောင်စီ အာဏာသိမ်းချိန်မှစတင်၍ နိုင်ငံရေးအကျဉ်းသားများစွာကို ထိန်းသိမ်းထားရှိသည့် နာမည်ကျော်ထောင်တစ်ခုဖြစ်သည့်အလျောက် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များ ထောင်ဝင်စာ လာရောက်တွေ့ဆုံရာတွင် စောင့်ဆိုင်းရချိန် ကြာမြင့်သည့်အတွက် အခက်ကြုံရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

“အနည်းဆုံးပေါက်ဈေး ငါးထောင်ကနေ စပြီးတော့ရှိပါတယ်” ဟု ကြိုတင်နေရာဈေးနှုန်းနှင့်ပတ်သက်၍ ကိုသိုက်ထွန်းဦးက ပြောသည်။

 

အင်းစိန်ထောင်တွင် ထောင်ဝင်စာပစ္စည်းပို့ခြင်းနှင့် ဧည့်တွေ့နေရာကို တစ်နေရာတည်းထားရှိခြင်းဖြစ်သည်ဟု ဆိုသည်။

 

“ကဏ္ဍတွေ မခွဲထားတာရယ်၊ နေရာရောင်းချမှုတွေရှိတာကြောင့် အချိန်တွေအကြာကြီးစောင့်ရတာပေါ့နော်။ ရာသီဥတုကလည်း အရမ်းပူပြင်းတာကြောင့် စောင့်ဆိုင်းရတဲ့သူတွေမှာ တော်တော်လေးအခက်အခဲဖြစ်နေတာပါ” ဟု ကိုသိုက်ထွန်းဦးက CJ Platform သို့ပြောသည်။

 

အင်းစိန်ထောင်ဝန်ထမ်းများနှင့် အလွန်ရင်းနှီးကျွမ်းဝင်သူများက ထောင်ရှေ့တွင် နေရာကြိုတင်ရောင်းချမှုများ ပြုလုပ်ကြသည့်အတွက် ထောင်ဝင်စာလာတွေ့သည့် မိသားစုဝင်များ နံနက်အစောပိုင်းမှ ထောင်တံခါးရှေ့တွင် ကြိုတင်လာရောက်စောင့်ဆိုင်းသည့်တိုင် နောက်ကျမှ တွေ့ဆုံခွင့်၊ ပါဆယ်ပို့ခွင့်ရရှိကြသည်ဟု နိုင်/ကျဉ်းများအရေးကူညီပေးနေသူက ဆိုသည်။

 

အာဏာပိုင်များအနေဖြင့် အရေးယူဆောင်ရွက်ခြင်းမရှိသကဲ့သို့ ထောင်တံခါးတာဝန်ကျ အကျဉ်းဦးစီးဝန်ထမ်းများကို ပြောပြသည့်အခါတွင်လည်း အရေးမစိုက်ဘဲ မျက်နှာလွှဲခဲပစ် စကားများဖြင့်သာ ပြန်လည်တုံ့ပြန်ကြောင်း ကိုသိုက်ထွန်းဦးက ဆိုသည်။

 

“သွားရောက်တွေ့ဆုံတဲ့ နိုင်/ကျဉ်းမိသားစုဝင်တွေကနေ ဝန်ထမ်းတွေကို ပြောပြတဲ့အခါမှာလည်း ထောင်အပြင်မှာဖြစ်တဲ့ကိစ္စက အကျဉ်းထောင်နဲ့မသက်ဆိုင်ဘူးဆိုပြီး ပြောတာမျိုးတွေရှိတယ်။ ဒါက သူတို့အတွက် မှောင်ခိုငွေဝင်လမ်းကြောင်းတစ်ခုလည်းဖြစ်တော့ အားပေးတဲ့ပုံစံမျိုးဘက် ရောက်တာပေါ့နော်။ အဲဒီတော့ ထောင်ဝင်စာလာတွေ့သူတွေထဲ သက်ကြီးရွယ်အိုတွေလည်းပါတော့ ရာသီဥတုဒဏ်နဲ့ အကြာကြီးစောင့်ရတာနဲ့ ဒုက္ခများကြတာပေါ့” ဟု ကိုသိုက်ထွန်းဦးက CJ Platform သို့ပြောသည်။

 

ထိုသို့နေရာရောင်းချမှုနှင့် ထောင်တွင်းစီမံခံခွဲမှု ညံ့ဖျင်းမှုများကြောင့် တန်းစီစောင့်ဆိုင်းရချိန် ကြာမြင့်သည့်အပြင် ထောင်ဝင်စာပါဆယ်ပို့မှုများအတွင်း ဆေးဝါးများထည့်သွင်းပို့ဆောင်မှုကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လမှ စတင်ကာ ကန့်သတ်ထားခြင်း၊ နိုင်ငံရေးအကျဉ်းသားများမှာ ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်း စသည့်အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းမှစတင်၍ စစ်ကောင်စီလက်အောက်ခံဌာနများအပါအဝင် အကျဉ်းထောင်များတွင် Non-CDM ဝန်ထမ်းများက လာဘ်စားခြင်းများနှင့်အတူ ပြည်သူများကို ဖိနှိပ်မှုများလုပ်ဆောင်နေကြသည်။

 

ဓာတ်ပုံ – မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက်(PPNM)