မရမ်းကုန်းရှိ အိမ်ခြေ ၅၀၀နီးပါးကို တစ်လအတွင်း ဖယ်ရှားပေးရန် စည်ပင်မှစာပို့

Author ကိုထက်
Categories
Published on Apr 27, 2024

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက် အောင်သိဒ္ဓိလမ်းနှင့် မင်းဓမ္မလမ်းကြားရှိ အိမ်ခြေ ၅၀၀နီးပါးကို တစ်လအတွင်း ဖယ်ရှားပေးရန် ဧပြီ ၂၆ရက်နေ့တွင် စည်ပင်က စာပို့လာကြောင်း ‌ကာယကံရှင်မိသားစုများထံက သိရသည်။

 

အောင်သိဒ္ဓိလမ်း ၈အိမ်စု မင်းဓမ္မလမ်း အနီး ရပ်ကွက်အတွင်းရှိ နေအိမ်များကို စည်ပင်မြေဟုဆိုကာ မေလ ၂၅ရက် နောက်ဆုံးထားဖယ်ရှားပေးရန် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

 

“နေတာကလည်း အနှစ်၃၀၊ ၄၀မကတော့ပါဘူး။  အခုမှ စည်ပင်မြေဆိုပြီး လုပ်တာ။ မနေ့ကမနက်က စာလာပို့သွားတယ်။ လှိုင်သာယာတို့ဘာတို့ဘက်တွေမှာ ကျူးကျော်ဖျက်ဖို့ အကြောင်းကြာစာလိုမျိုး။ အိမ်‌ခြေ ၅၀၀နီးပါးလောက်ရှိမယ်။”ဟု အကြောင်းကြားစာရရှိသည့် အိမ်ထောင်စုဝင်တစ်ဦးက ပြောသည်။

 

ထို့ပြင် မေလ ၂၅ရက်နောက်ဆုံးထားမဖယ်ရှားပါက စည်ပင်ဥပဒေအရ အင်အားသုံးဖယ်ရှားမည်ဟု ပြောဆိုသွားကြောင်း ၎င်းကပြောသည်။

 

“နောက်လ ၂၅ရက် နောက်ဆုံး ဖျက်မပေးရင် ဘူဒိုဇာနဲ့ထိူးမယ်။ စစ်တပ်ပါခေါ်လာမယ်ပြောသွားတယ်။”ဟု အဆိုပါ အိမ်ထောင်စုဝင်တစ်ဦးက ပြောသည်။

 

၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းတွင်လည်း  အဆိုပါရပ်ကွက် အတွင်း မျက်နှာချင်းဆိုင် လမ်း ၃ ရပ်ကွက် ကံသာဇေယျံ ဘုန်း ကြီးကျောင်းလမ်း မင်းဓမ္မလမ်း(ထူး မင်းဓမ္မ ကွန်ဒို အနီး) နေအိမ်များကိုလည်း စစ်ကောင်စီက အဓမ္မဖယ်ရှားခဲ့သေးသည်။

 

ပြီးခဲ့သည့် မတ်လနှောင်းပိုင်းကလည်း မှော်ဘီလေတပ်အနီး၊ ကုလားကုန်းကျေးရွာက နေအိမ် ၁၀၀ကျော်ကို စစ်ကောင်စီက အင်အားသုံး ဖယ်ရှားခဲ့သေးသည်။

 

ဓာတ်ပုံ – CJ

#CJPlatform #ရန်ကုန်မြို့ #မရမ်းကုန်းမြို့နယ် #အမှတ်(၃)ရပ်ကွက် #အမှတ်(၃)ရပ်ကွက်