ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများ ဆင်ဆာတင်ပြီးမှ ပြသခွင့်ပြုမည်ဟု စစ်ကောင်စီထုတ်ပြန်

Author အောင်နိူင်သူ
Categories
Published on Sep 28, 2022

ရုပ်ရှင်ရိုက်ကူး ထုတ်လွှင့်နေသည့် ကုမ္မဏီများအနေဖြင့် ပြည်တွင်းရုပ်ရှင်ဇာတ်ကားနှင့် ပြည်ပ ဇာတ်ကားများ ဇာတ်လမ်းတွဲများအား စစ်ကောင်စီမှ ခွင့်ပြုချက်ရမှ ပြသခွင့်ရမှာဖြစ်သည်ဟု ရုပ်ရှင်အသိုင်းအဝိုင်းက သိရသည်။

ရုပ်မြင်သံကြား ထုတ်လွှင့်ဝန်ဆောင်မှုပေးနေသည့်ကုမ္ပဏီများအနေဖြင့် ပြည်တွင်းရုပ်ရှင် ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ နိုင်ငံခြား ဇာတ်ကား၊ ဇာတ်လမ်းတွဲများအားလုံးကို စစ်ကောင်စီ၏ ဆင်ဆာ စိစစ်ခွင့်ပြုချက်ရယူပြီးမှ ပြသရမှာဖြစ်သည်ဟု ဗီဒီယိုထုတ်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“ရုပ်ရှင်လောကက အာဏာသိမ်းပြီးကတည်း ပျက်သွားပြီ ကိုဗစ်ကာလမှာ ယိုင်နဲ့နဲ့ဖြစ်နေတာ အခုတော့ ပိုဆိုးသွားပြီး ရုပ်ရှင်ရုံတွေဖွင့်ပေမဲ့ ဘယ်သူမှမပြရဲဘူး အရဲမစွန့်ရဲဘူး”ဟုရှင်းပြသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲတွင် စက်တင်ဘာလ ၂၆ ရက်က ပြန်ကြားရေးဝန်ကြီးနှင့် လုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ ဒုဝန်ကြီးဦးရဲတင်က ဆင်ဆာစနစ်ပြန်လည် စတင်မည်ဟု ပြောခဲ့တာဖြစ်သည်။

“ရှင်းရှင်းပြောရရင် အမေစုလက်ထက်က ရိုက်ခဲ့တဲ့ ဗီဒီယို တွေ ရုပ်ရှင်တွေကို အစဖျောက်ချင်တဲ့ သဘော ဆင်ဆာခွင့်ပြု ချက်ရမှ ပြလို့ရမယ်ပေါ့ “ဟု တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

စစ်ကောင်စီက ပြည်တွင်းရုပ်ရှင်ဇာတ်ကားများသာမကပြည်ပဇာတ်လမ်းတွဲနှင့် နိူင်ငံခြားဇာတ်ကားများ ပြသခြင်းကိုလည်း ထိန်းချုပ်လိုသည့် သဘောရှိသည်ဟု သူကရှင်းပြသည်။

ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ၊ ဇာတ်လမ်းတိုများကို မပြသမှီ သေချာစိစစ်ပြီး နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေသည့် အပြောအဆိုများ မပါရှိရေးအတွက် ဆင်ဆာခွင့်ပြုချက်ရမှသာ ပြသရမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။