ဟားခါးရဲတပ်ဖွဲ့ဝင်တစ်ဦး၏ နာရေးလိုက်ပို့စဥ် ထပ်မံတိုက်ခိုက်ခံရသည့်အတွက် စကစ ခရိုင်ရဲမှူးနှင့် မြို့နယ်ရဲမှူးဒဏ်ရာရဟုဆို

Author မွန်လေး
Categories
Published on Sep 28, 2022

ဟားခါးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ နာရေးအား လိုက်ပါပို့ဆောင်စဥ် ထပ်မံတိုက်ခိုက်ခံရသည့်အတွက် အကြီးတန်းရဲအရာရှိနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

ဖြစ်စဥ်သည် စက်တင်ဘာ ၂၇ရက် နံနက်ပိုင်းတွင် ဟားခါးမြို့နယ်၊ ဟားခါးထာရ်ရပ်ကွက်၊ ၆လမ်းဆုံ တိုက်ပွဲတွင် သေဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင် ဦးအောင်လွင်၏ အလောင်းကို အသုဘချရန် ကျောဘုတ်သုသာန်သို့ ရဲများက လိုက်ပို့စဥ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

“မနက်တိုက်ပွဲဖြစ်တော့ ရဲတစ်ဦးသေတယ်။ သေတဲ့ရဲကို ညနေ ၅နာရီအသုဘချဖို့ လိုက်ပို့တဲ့အချိန်မှာ ထပ်ပြီးတော့တိုက်ခိုက်ခံရတာ”ဟု ဒေသခံရင်းမြစ်တစ်ဦးကပြောကြားသည်။

အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ၏ ရဲအရာရှိနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဟားခါးဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သည့် အရာရှိရဲနှစ်ဦးသည် ဟားခါးခရိုင်ရဲမှူးနှင့် မြို့နယ်ရဲမှူးတို့ဖြစ်သည်ဟု သတင်းထွက်ပေါ်နေသော်လည်း CJ Platformအနေဖြင့်အတည်ပြုနိုင်ခြင်းမရှိသေးပေ။