စစ်ကောင်စီလွတ်ငြိမ်းတွင် နိုင်/ကျဉ်း ၄ ရာခိုင်နှုန်းသာပါဝင်ဟု PPNM ဆို

Author ကိုထားဝယ်
Categories
Published on Apr 18, 2024

စစ်ကောင်စီ၏ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ရက် လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၄ ရာခိုင်နှုန်းသာ ပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM)က ယနေ့ ဧပြီ ၁၈ ရက်နေ့ ကနဦးထုတ်ပြန်ချက်အရ သိရသည်။

 

ယမန်နေ့ လွတ်ငြိမ်းအတွင်း အကျဉ်းသား/သူ ၃၃၀၃ ဦးတွင် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန် ညပိုင်းတွင် ပြန်လည်ဖမ်းဆီးခံခဲ့ရသည့်အတွက် ၃၃၀၂ ဦးသာ လွတ်မြောက်ခဲ့သည့်သဘောဖြစ်သည်။

 

၎င်းတို့အနက် နိုင်ငံရေးအကျဉ်းသား(၁၀၁)ဦးသာ ပါဝင်သည်ဟု PPNM ထုတ်ပြန်ချက်အရ သိရသည်။ ယင်းပမာဏမှာ လွတ်မြောက်လာသူစုစုပေါင်း၏ ၄ ရာခိုင်နှုန်းသာဖြစ်သည်။

 

မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ စစ်ကောင်စီက ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ယမန်နေ့ညပိုင်းက ပြန်လည်ခေါ်ဆောင်သွားပြီး မွန်းလွဲပိုင်းအထိ အိမ်ပြန်မရောက်သေးကြောင်း PPNM က ဆိုသည်။

 

ယမန်နေ့လွတ်ငြိမ်းအတွင်း စစ်ကိုင်းတိုင်းထဲရှိ ရွှေဘို၊ ကသာ၊ မုံရွာ၊ ကလေးအကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားတစ်ဦးမျှ မပါဝင်ကြောင်း စိစစ်တွေ့ရှိရကြောင်း PPNM ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

PPNM ၏ ကနဦးနိုင်/ကျဉ်းလွတ်မြောက်သူစာရင်းတွင် ရမည်းသင်းမှ ၁၉ ဦးဖြင့် အများဆုံးလွတ်မြောက်ခဲ့ပြီး အင်းစိန်အကျဉ်းထောင်မှ ၁၈ ဦး၊ ၊ ဖျာပုံနှင့် စစ်တွေအကျဉ်းထောင်တို့မှ ၁၈ ဦး၊ သရက်မှ ၁၁ ဦး၊ ဒိုက်ဦးထောင်မှ ၈ ဦး၊ မြင်းခြံထောင်မှ ၆ ဦး၊ ပုသိမ်မှ ၄ ဦး၊ မြစ်ကြီးနားနှင့် ကျိုက်မရောထောင်တို့မှ ၃ ဦးစီ၊ သာယာဝတီ၊ မိတ္ထီလာနှင့် ဂန့်ဂေါထောင်တို့မှ ၂ ဦးစီနှင့် ပြည်၊ မြိတ်၊ အိုးဘို၊ ထားဝယ်၊ နေပြည်တော်ထောင်တို့မှ ၁ ဦးစီ ပါဝင်သည်။

 

ဓာတ်ပုံ – PPNM