ဆယ်ရက်ကြာကြိုပြင်ဆင် ဖော်ဆောင်သည့် ချောင်းဦးမြို့ ရဲစခန်းကို ဒရုန်းစစ်ဆင်ရေးတွင် စစ်သားလေးဦးသေဆုံးဟုဆို

Author မင်းထက်
Categories
Published on Apr 18, 2024

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ ရဲစခန်းကို ဆယ်ရက်ခန့်ကြာကြိုတင်ပြင်ဆင်ပြီးနောက်ဖော်ဆောင်သည့် ဒရုန်းစစ်ဆင်ရေးတွင် စစ်ကောင်စီ တပ်သား လေးဦးသေဆုံးကြောင်း လျှပ်စီးတပ်ခွဲ(မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ-၃) ပြန်ကြားရေးတာဝန်ခံက CJ Platform သို့ပြောသည်။

 

ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့ ၁၀ နာရီ ၁၉ မိနစ်ခန့်တွင် ချောင်းဦးမြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းသုံးစင်းဖြင့် ဗုံးသီး ၁၁ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါတပ်ဖွဲ့က ယနေ့ ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်သည်။

 

“ကျွန်တော်တို့က စစ်ကောင်စီရဲ့တပ်သားတွေ နေထိုင်ရာ စခန်းတွေ၊ ပျူစောထီးတွေရှိရာ နေရာတွေ၊ သူတို့ သွားရာ လမ်းကြောင်း စသဖြင့် သူတို့ရှိရာ ဘယ်နေရာမဆို ကျွန်တော်တို့က အခါခွင့်သင့်ရင် သင့်သလို အမြဲတမ်း တိုက်ခိုက်နေတာပါ။ အခုလည်း တိုက်ခိုက်မယ့်နေရာကိုလေ့လာပြီး ကျွန်တော်တို့ အခါခွင့်သင့်တာနဲ့ ဝင်ချတဲ့ သဘောပါပဲ။ အချိန် တစ်ပတ်၊ ဆယ်ရက်လောက် ယူခဲ့ရတယ်ဗျ” ဟု အထက်ပါပြန်ကြားရေးတာဝန်ခံက ပြောသည်။

 

ထိုစခန်းကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးသီးများချ၍ တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီး ဒရုန်း တစ်စင်းပျက်စီးဆုံးရှုံးခဲ့ကြောင်း ၎င်းက ပြောသည်။

 

ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား လေးဦး သေဆုံးခဲ့သည်ကို အတည်ပြုနိုင်ခဲ့ပြီး အဆောက်အအုံ ပျက်ဆီးမှုများရှိခဲ့သည်ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

 

ထိုတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ(မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ – ၃)၊ ရန်ရှင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာခရိုင် အမှတ်-၈ တပ်ရင်းနှင့် မီးတောက်တပ်ခွဲ(မုံရွာခရိုင် အမှတ်- ၁၂ တပ်ရင်း ၊ တပ်ခွဲ -၄)တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့ ၁၂ နာရီခွဲခန့်ကလည်း ချောင်းဦးမြို့နယ်၊ သစ်တောဦးစီးဌာရုံးနှင့် လဝကရုံးတို့တွင် တပ်စွဲနေသော စစ်ကောင်စီတပ်သားများကို လျှပ်စီးတပ်ခွဲနှင့် မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်း သုံးစီးအသုံးပြု၍ ‌ဗုံးသီး ရှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦးသေဆုံးခဲ့သည်။ ထို့နောက် ယခု ချောင်းဦးမြို့ ရဲစခန်းကို ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

လျှပ်စီးတပ်ခွဲသည် စစ်ကောင်စီတပ်ကို ယခုထက်ပို၍ ကြီးမားသော ဝေဟင်မြေပြင်စစ်ဆင်ရေးများ ဖော်ဆောင်နိုင်ရေးအတွက် ပြင်ဆင်နေပြီး စစ်ဆင်ရေးဖော်ဆောင်နိုင်ရန် ယခုထက် အဆင့်မြင့်သော ဒရုန်းများနှင့် လက်နက်ခဲယမ်း၊ ကျည်များ ဖြည့်တင်းစုဆောင်းလျက်ရှိရာ တော်လှန်ပြည်သူများအနေဖြင့် တတ်အားသ၍  ဝိုင်းကူညီပါဝင်ပေးရန် လျှပ်စီးတပ်ခွဲ(မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃) ပြန်ကြားရေးတာဝန်ခံက CJ Platform မှတစ်ဆင့် ပြည်သူများထံ မေတ္တာရပ်ခံသည်။

 

ရုပ်သံ – လျှပ်စီးတပ်ခွဲ(မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃)