ကျောက်မဏ္ဍပ်အနီး ပုန်းခိုနေသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

Published on Apr 15, 2024

မကွေးတိုင်း၊ မြိုင်မြို့နယ် စက်မှု(၂) မှ ထွက်ခွာလာသော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို  ဧပြီလ ၁၄ ရက်နေ့တွင် ဒေသခံတော်လှန်ရေးတပ်များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

 

မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ဖြစ်သော ဝါးရင်းချိုင်ကျေးရွာနှင့် ကမ်းပါးဖြူကျေးရွာကြားတွင် ပုန်းခိုနေသော စစ်ကောင်စီတပ်သည် ဧပြီလ ၁၄ ရက်နေ့ နံနက် ၅ နာရီခန့်က   ဖလံကိုင်းကျေးရွာအနီးသို့ ရောက်ရှိလာပြီး ဒေသခံတော်လှန်ရေးတပ်များက ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင် ဒရုန်း၊ ရော့ကတ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးခန့်  ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြိုင်မြို့နယ် သတင်းတာဝန်ခံ ဗိုလ်လက်ယာက ဆိုသည်။

“ ၁၃ ရက်နေ့ ညက ကျောက်မဏ္ဍပ်( ဝါးရင်းချိုင်ကျေးရွာနှင့် ကမ်းပါးဖြူကျေးရွာကြား) အနီးက လျိုမြောင်တွေထဲ ကြောက်လန့်ပြီး ပုန်းအောင်းအိပ်နေတာ မနက်ထွက်လာတော့ ဒရုန်းတွေ၊ရော့ကတ်တွေနဲ့ တိုက်ခိုက်ခဲ့တာ လေးဦးထိခိုက်တာတော့ရှိတယ် အတွင်းသတင်းပေးနဲ့ ဒရုန်းမှတ်တမ်းတွေအရသိရတယ် သေဆုံးတာတော့ မသိရသေးဘူး” ဟု ပြောသည်။

 

ယင်းတိုက်ခိုက်မှုကို မြိုင်မြို့နယ်ရှိ Joker တပ်ဖွဲ့ ၊ ကင်တို တပ်ဖွဲ့ ၊ ဗိုလ်လရောင် တပ်ဖွဲ့ ၊ ဗိုလ်ရိုးမ တပ်ဖွဲ့ ၊ ဘာမထီ ပြောက်ကြားတပ်ဖွဲ့ ၊ ဂဠုန် တပ်ဖွဲ့ ၊ MUGDF ၊ ဇာမဏီ တပ်ဖွဲ့ နှင့် ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စစ်ကြောင်းသည် ဧပြီလ ၁၂ ရက်နေ့က စတင်စစ်ကြောင်းထိုးလာပြီး ဝက်ပုတ်ပျူစောထီးကျေးရွာအနီးရှိ ရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် အိုင်းမကျေးရွာရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ထိခိုက်ခဲ့သည်ဟု မြိုင်မြို့နယ် သတင်းတာဝန်ခံ ဗိုလ်လက်ယာမှ CJ Platform သို့ ပြောသည်။

 

ရုပ်သံ – ပေးပို့

Related News

Depend on news