ထီးလင်း၊ ရေမျက်နီရွာရှိ အိမ် ၂၀ဝ ကျော် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ မီးရှို့စစ်သားများကို တိုက်ခိုက်မှု နှစ်ဦးသေဆုံး

Author မင်းထက်
Categories
Published on Apr 05, 2024

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၂၀ဝ ကျော်မီးလောင်ပျက်ဆီးခဲ့ရပြီး မီးရှို့နေသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးမှုရှိကြောင်း YRA ထီးလင်းတပ်ဖွဲ့ထံမှ သိရသည်။

 

မကွေးတိုင်း၊ ကျောမြို့ ကပစ ၂၃ တပ်အတွင်းမှ စစ်ကူပေးရန်ထွက်လာသော အင်အား ၇၀ ခန့်ပါ စစ်ကြောင်းသည် ရေမျက်နီရဲစခန်းအနီးသို့အရောက် ဧပြီလ ၃ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှစ၍ ပြည်သူ့ပိုင်နေအိမ်များကို စတင်မီးရှို့ခဲ့ကြောင်း၊ ယမန်နေ့ ဧပြီလ ၄ ရက် ညနေပိုင်းအထိ နေအိမ်များ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး‌ နေအိမ် ၂၀ဝ ကျော် ပြာကျသွားကြောင်း သိရသည်။

“ကျောဘက်ကနေ လူနာလာသယ်တယ်လို့ သိရတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က အဲဒီဘက်မှာ တိုက်ခိုက်မှုရှိခဲ့တော့ ဒဏ်ရာရတဲ့ လူ သုံးယောက်လောက်တော့ရှိတယ်။ အဲဒီလူတွေသယ်ရင်း ရိက္ခာလာပို့ရင်းလာတာပေါ့နော်။ ကျော ပကစ ၂၃ က လာတာဗျ။ ရေမျက်နီအထိုင်တပ်ကိုလာတယ်။ ရွာအဝင်မှာ ရေမျက်နီအထိုင်တပ်အနီးနားမှာရှိတဲ့ ပစ်ကွင်း မြင်ကွင်းရှင်းဖို့နဲ့တူပါတယ်ဗျ။ သူတို့လုပ်တာတော့ နေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့တာပါဗျ” ဟု YRA ထီးလင်းတပ်ဖွဲ့မှ သခင်ဇော်က ပြောသည်။

 

ထိုသို့ မီးရှို့နေသော စစ်ကောင်စီတပ်သားများကို YRA ထီးလင်းတပ်ဖွဲ့မှ ၄၀ မမဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် မီးရှို့မှု အနီးအနားရှိ စစ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့နောက် ဒဏ်ရာရနှစ်ဦးထဲမှ တစ်ဦးထပ်မံသေဆုံးသောကြောင့် စစ်ကောင်စီဘက်မှ နှစ်ဦး သေဆုံးကြောင်း ဆက်ပြောသည်။

ထီးလင်းမြို့မှ ၂၈ မိုင်ခန့်အကွာတွင်တည်ရှိသော ရေမျက်နီကျေးရွာသည် အိမ်ခြေ ၆၀ဝ ခန့်ရှိပြီး ကျောမြို့ ကပစ ၂၃ မှ ရှစ်မိုင်ခန့်ကွာဝေးသည်။ ရေမျက်နီရှိ စစ်ကောင်စီအထိုင်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှစတင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ရခြင်းများရှိခဲ့သည်။

 

ထို့ပြင် ကာကွယ်ရေးတပ်များ၏ မကြာခဏတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သည် အင်အားတိုးချခြင်း၊ ရိက္ခာဖြည့်ခြင်းများ လုပ်ဆောင်နေဆဲဖြစ်သောကြောင့် ဒေသခံပြည်သူများမှာလည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်