မေ ၁ ရက်မှစ၍ UID လက်မှတ်ပါမှ နယ်စပ်ဖြတ်သန်းခွင့်ပေးမည်ဟု လဝကဆို

Author လင်းနွေဦး
Categories
Published on Apr 05, 2024

မြန်မာနိုင်ငံအတွင်းရှိ အသက် ၁၀ နှစ်နှင့်အထက်ရှိသူများ လာမည့် မေလ ၁ ရက်နေ့မှစတင်၍ နယ်စပ်များဖြတ်ကျော်ကာ အိမ်နီးချင်းနိုင်ငံများသို့ တရားဝင် ဝင်/ထွက်သွားလာခွင့် ရရှိလိုပါက ကိုယ်ရေးအချက်အလက်များပါရှိသည့် Unique Identity Number(UID) လက်မှတ်များပြသနိုင်မှသာ ဖြတ်သန်းခွင့်လက်မှတ်များထုတ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက)က ယမန်နေ့ ဧပြီ ၄ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။

 

Electronic စနစ်ဖြင့် စစ်ကောင်စီ လဝကက ထုတ်ပေးနေပြီး သီးသန့်အထောက်အထား(UID)ပြုလုပ်ရန်အတွက် မှတ်ပုံတင် သို့မဟုတ် အထောက်အထားလက်မှတ်တစ်ခုခု ပါရှိရန်လိုအပ်ကြောင်း လဝက ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

UID လက်မှတ်ပါရှိမှသာ နယ်စပ်ဝင်/ထွက် ဂိတ်များမှ ဝင်ထွက်ခွင့်ပြုမည်ဖြစ်ပြီး ထိုသို့ ဝင်/ထွက် ခွင့်ပြုရာတွင် နယ်စပ်ဂိတ်များမှ အဝင်အထွက်လူဦးရေ စာရင်းဇယားတိကျစွာရရှိနိုင်ရေး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား အတုများနှင့် အသုံးမပြုသည့် ကတ်များကို အသုံးပြု၍ သွားလာခြင်းများကို ထိန်းချုပ်နိုင်ရေးအတွက် ယခုလိုစီမံရခြင်းဖြစ်ကြောင်း စစ်ကောင်စီလဝကဌာနက ဆိုသည်။

 

မှတ်ပုံတင်မူရင်းနှင့်အတူ UID လက်မှတ် ပါရှိသူများကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံများသို့ နယ်စပ်ဝင်/ထွက် ဂိတ်များမှ ယာယီနယ်စပ်ဖြတ်ကျော်ခွင့် (TBP)၊ ပုံမှန်ဖြတ်ကျော်ခွင့်(BP) လက်မှတ်များ ထုတ်ပေးကာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ထုတ်ပြန်ချက်အတွင်းဖော်ပြသည်။

 

ယခုကဲ့သို့ လဝက ထုတ်ပြန်ချက်ထွက်ပေါ်လာသည့် ဧပြီလ ၄ ရက်နေ့တွင်ပင် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား မှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ၇ ရက်သက်တမ်းရှိ တံတားကူးလက်မှတ် (ခေါ်) ယာယီဖြတ်သန်းခွင့် လက်မှတ်များ ထုတ်ဝေပေးနေသည့် လဝကဂိတ်တွင် စစ်ဆေးရေးများ တင်းကြပ်နေပြီး စစ်ကောင်စီလက်အောက်ခံ စုံစမ်းစစ်ဆေးရေးဌာန (စအဖ)မှ အရာရှိ ကိုယ်တိုင် လာရောက်ရုံးထိုင်ကာ ၅၀၅(က) မှတ်တမ်းရှိဖူးသည်ဟု ဆိုကာ အမျိုးသားနှစ်ဦးကို ကားပေါ်တင် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသည့် တံတားကူးလက်မှတ် သက်တမ်းသွားတိုးသူများ၏ သတင်းပေးပို့မှုအရ သိရသည်။

 

ဓာတ်ပုံ- လူမှုကွန်ရက်