မန္တလေး မဟာဓာတ်အားလိုင်းအောက်ရှိ နေအိမ်ထောင်ချီ ယခုလအတွင်း ဖယ်ရှားရန် တိုင်းလျှပ်စစ်အမိန့်ထုတ်

Author လဂွန်းအိမ်
Categories
Published on Apr 04, 2024

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် မဟာဓာတ်အားလိုင်းအောက်ရှိ နေအိမ်များကို စစ်ကောင်စီလက်အောက်ခံ တိုင်းလျှပ်စစ်ရုံးက ယခုလ ၂၄ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရမည်ဟု အမိန့်ထုတ်လိုက်သည်။

ကနဦး မတ်လ ၃၀ ရက်နေ့က ငါးရက်အတွင်း ဧပြီလ ၄ ရက်နေ့နောက်ဆုံး ဖယ်ပေးရန် စာထုတ်ခဲ့သည်ကိုယင်းနေရာနေသူများက်အိမ်ပြောင်းရွှေဖျက်ဆီးချိန်မလုံလောက်သဖြင့် သွားရောက်ညှိနှိုင်းမှုအရ ဧပြီ ၂၄ ရက်နေ့အထိရွှေ့ဆိုင်းပေးခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်ကြီးဒေသခံတစ်ဦးထံမှ သိရသည်။

မန္တလေးတိုင်းလျှပ်စစ်ဌာနမှ ၂၀၁၄ ခုနှစ်လျှပ်စစ်ဥပဒေအရဟုဆိုကာ ၂၃၀ ကေဗွီ ရွှေစာရံ-အောင်ပင်လယ် မဟာဓာတ်အားလိုင်းအောက်ရှိ နေအိမ်များကို စစ်ကောင်စီက ဖယ်ရှားခိုင်းခြင်းဖြစ်သည်။

ယင်းမဟာဓာတ်အားလိုင်း၏ အလယ်ဧရိယာ ဝဲဘက် ၇၅ ပေနှင့် ယာဘက် ၇၅ ပေ စုစုပေါင်း ပေ ၁၅၀ အကျယ်အတွင်းရှိနေသည့် နေအိမ်များကို ဖယ်ရှားပေးရန် အကြောင်းကြားစာပို့ထားခြင်းဖြစ်သည်။

“သူတို့က အချိန် ငါးရက်ပဲပေးတာ။ ပြောင်းဖို့၊ ရွှေ့ဖို့၊ ဖျက်ဖို့ဆိုတာက ငါးရက်နဲ့မလုံလောက်လို့ စာတင်ပြီး သွားညှိရတာပေါ့။ ကြားထဲမှာ သင်္ကြန်ကာလနဲ့ ဘာနဲ့ဆိုတော့ (ဧပြီ)၂၄ ရက်နေ့ဆိုပြီး နောက်ဆုံးသတ်မှတ်ပေးလိုက်တယ်” ဟု ယင်းသတင်းကိုသိရှိထားသူ အိုးဝေယာဉ်မောင်း ယင်းဒေသခံက CJ Platform သို့ပြောသည်။

 

ရွှေစာရံ-အောင်ပင်လယ်မဟာဓာတ်အားလိုင်းအောက်တွင် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စုရှိ ကန်ကောက်(အ‌ရှေ့)၊ ကုန်းတန်း၊ သဲကုန်းနှင့် သလဲကုန်းကျေးရွာများ၏ အပြင်ပိုင်းက အိမ်အများစု ဖျက်သိမ်းရမည့်ဧရိယာအတွင်းပါဝင်နေကာ ပမာဏအားဖြင့် အိမ်ခြေထောင်ချီရှိနေသည်။ အချို့အိမ်များသည် အိမ်ကြီးအိမ်ကောင်းများ၊ တိုက်တာအဆောက်အအုံများပါဝင်သည့်အပြင် သတ်မှတ်ရက်အတွင်း မဖျက်နိုင်ပါက စစ်ကောင်စီ၏ ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်သည်။

ထို့ပြင် ရက်ပိုင်းအတွင်း ဖယ်ရှားပေးရန် စာထုတ်အသိပေးပြီးနောက် အချို့ကျေးရွာများရှိ နေအိမ်များတွင် တပ်ဆင်ထားသော အိမ်သုံးမီတာပုံးများကို ကျေးရွာအုပ်ချုပ်ရေးပိုင်းနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဝန်ထမ်းများဖြင့် လာရောက်ဖြုတ်သိမ်းနေကြောင်း သိရသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေး၌ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက် မရှိဘဲနေအိမ်ဆောက်လုပ်ခြင်း၊ မီးရထားလမ်းဧရိယာအတွင်း နေအိမ်ဆောက်လုပ်ခြင်းများကို ဆက်တိုက်ဆိုသကဲ့သို့ ဖယ်ရှားခိုင်းနေခြင်းဖြစ်သည်။

 

ဓာတ်ပုံ – လဂွန်းအိမ်