အောင်ဇေယျအိမ်ရာ အတွင်း ဂစ်တာတီးနေသည့် လူငယ်များကို စစ်တပ်နှင့် ရဲ ဝင်ဖမ်းရာ ခြောက်ဦးပါသွား ၊ အုပ်ချုပ်ရေးမှူးမှ အိမ်ရာတွင်း ထိုသို့ ဖမ်းဆီးမခံရရေး ပိုက်ဆံပေးက အာမခံပေးမည်ဟုဆို

Author လင်းနွေဦး
Categories
Published on Apr 03, 2024

ရန်ကုန်တိုင်း အင်းစိန် မြို့နယ်၊ ပတ္တမြားရပ်ကွက်ရှိ အောင်ဇေယျ အိမ်ရာဝင်းအတွင်း မတ်လ (၂၆) ရက် ည ၈ နာရီ အချိန်ခန့်တွင် ဂစ်တာဝိုင်းဖွဲ့တီးနေသည့် လူငယ် ဆယ်ဦးကျော် အဖွဲ့ကို စစ်ကောင်စီတပ်သားများနှင့် ရဲများမှ ဝင်ရောက်ဖမ်းဆီးရာ ခြောက်ဦး ဖမ်းဆီးခံရပြီး ထိုသို့ ထပ်မံဖမ်းဆီးခေါ်ဆောင်ခြင်း မခံရရေးအတွက် အုပ်ချုပ်ရေးမှူးကို ပိုက်ဆံ ပေးဆောင်ပါက လူငယ်တစ်ဦးလျှင် သုံးလ အထိ အာမခံရသည်ဟု ၎င်း အိမ်ရာ အနီးနေထိုင်သူများ မှ CJ Platform သို့‌ပြောသည်။

 

မတ်လ ၂၆ ရက် ညပိုင်းတွင် ဂစ်တာဝိုင်းဖွဲ့တီးနေသည့် လူငယ် ဆယ်ဦးခန့်ပါ အဖွဲ့ကို စစ်ကောင်စီတပ်သားများနှင့် ရဲများ ပါရှိသည့် ကားများဖြင့် ဝင်ရောက်ပိတ်ဆို့ ဖမ်းဆီးရာတွင် ထွက်ပြေးနိုင်ခြင်း မရှိသည့် လူငယ် ခြောက်ဦးမှာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကာ ယနေ့အချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ် မရရှိသောကြောင့် အုပ်ချုပ်ရေးမှူးကို သွားရောက်မေးမြန်းရာတွင်လည်း ထူးခြားမှု မရှိကြောင်း မိသားစုဝင်များထံမှ ကြားသိရသည်ဟု အိမ်ရာအနီး နေထိုင်သူများမှ ပြောသည်။

 

“အဲ့နေ့ကတည်းက ဖမ်းသွားလို့ အဆက်အသွယ် မရတော့ စိတ်ပူကြတယ်လေ။ မိသားစုဝင်တွေက ပိုက်ဆံနဲ့ လိုက်ရမယ်ဆိုလည်း လိုက်မယ်ပေါ့နော်။ စုံစမ်းတာလည်း ဘာသတင်းမှမရတော့ အုပ်ချုပ်ရေးမှူးကို သွားမေးတော့လည်း ဝေ့လည်ကြောင်ပတ် လုပ်ပြီး ဘာမှ သတင်းအစ မရဘူးလေ။”ဟု အောင်ဇေယျ အိမ်ရာ အနီး နေထိုင်သူတစ်ဦး မှ CJ Platform သို့ပြောသည်။

 

မိသားစုဝင်များမှ သွားရောက် ဆက်သွယ်မေးမြန်းသည့်အခါတွင် အဆိုပါ အုပ်ချုပ်ရေးမှူးမှ လူငယ်များ ဖမ်းဆီးခေါ်ဆောင် ခံရသည့် ကိစ္စနှင့် ပတ်သက်၍ မသိသလို ပြောကြားခဲ့သော်လည်း ထိုကဲ့သို့ အိမ်ရာဝင်းအတွင်း လူငယ်များ ထပ်မံဖမ်းဆီးမခံရရေး အတွက် ၎င်းထံတွင် ပိုက်ဆံ ပေးသွင်းပါက ၃ လ အာမခံပေးမည် ဖြစ်သည်ဟု ပြောကြားကြောင်း အောင်ဇေယျအိမ်ရာ အနီးနေထိုင်သူ အခြားသောဒေသခံတစ်ဦးက ဆိုသည်။

 

“အောင်ဇေယျ အိမ်ရာမှာ အိမ်ခြေ နည်းတဲ့ အခြမ်းနဲ့ များတဲ့ အခြမ်းဆိုပြီး နှစ်ခြမ်းရှိတယ်။ အဲ့တာကို အဲ့အုပ်ချုပ်ရေးမှူးက အိမ်ခြေနည်းတဲ့ဘက်က လူငယ်တွေဆို တစ်ယောက် ကို ကိုးသောင်းသုံးထောင်၊ အိမ်ခြေများတဲ့ ဘက်က လူငယ်တွေဆို တစ်ယောက် သုံးသောင်းနဲ့ သုံးလ အာမခံပေးမယ်တဲ့” ဟု ၎င်းမှ CJ Platform သို့ပြောသည်။

 

အုပ်ချုပ်ရေးမှူးမှ တစ်ဦးလျှင် သုံးသောင်းကျပ်ဖြင့် အာမခံပေးသည်မှာလည်း သုံးလစာ အတွက်သာ ဖြစ်ပြီး စစ်ကောင်စီမှ စစ်မှုထမ်းရန် အပတ်စဉ် အသစ်များ ထပ်မံ ဖွင့်လှစ်၍ လူစုဆောင်းသည့်အခါ စစ်မှုထမ်းအတွက် မပါစေရေး သက်တမ်းတိုး သဘော ငွေထပ်မံ ပေးဆောင်ရမည်ဟုလည်း မြေပြင် သတင်းရင်းမြစ်များမှ ဖြည့်စွက် ပြောကြားသည်။

 

အလားတူ တောင်ဥက္ကလာမြို့နယ် (၁၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင် ဦးဆောင်သည့် စစ်ကောင်စီ တပ်သားများ နှင့် ရဲ တပ်ဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့မှ ကောလိယ (၂၈) လမ်း အတွင်း ဧပြီလ ၁ ရက်နေ့ ညနေပိုင်းအချိန်တွင် အသက်အရွယ် ရွေးချယ်ခြင်းမရှိဘဲ လူခုနစ်ဦးအား ခေါ်ဆောင် သွားသည်ဟု မျက်မြင်တွေ့ရှိသူ အသက် (၅၀) အရွယ် ဒေသခံ အမျိုးသားတစ်ဦးမှ ‌CJ Platform သို့ သတင်းပေးပို့သည်။

 

ဓာတ်ပုံ – pro-SCA

 

ပုံစာညွှန်း – စစ်ကောင်စီမှ စစ်မှုမထမ်းမနေရဥပဒေဖြင့် စစ်မှုထမ်းရန် ခေါ်ဆောင်ထားသည့် လူငယ်များအား မြင်ရပုံ