လေပြင်းတိုက်ခတ်မှုကြောင့် ချင်းကာကွယ်ရေးတပ် အဆောက်အအုံများပျက်စီး

Author မင်းထက်
Categories
Published on Apr 03, 2024

မကွေးတိုင်း၊ ဂန်ဂေါခရိုင်အတွင်း ပြီးခဲ့သည့် မတ် ၃၁ ရက် နေ့လယ် ၃ နာရီခန့်နှင့် ည ၉ နာရီခန့်တို့တွင် လေပြင်းနှစ်ကြိမ်တိုက်ခတ်မှုကြောင့် Chinland Defense Force – Kalay Kabaw Gangaw(CDF KKG) တပ်ရင်း ၄ စခန်း၏ အဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း CDF-KKG ထံမှ သိရသည်။

ထိုလေပြင်းကြောင့် ပြီးခဲ့သည် ၂၀၂၃ ခုနှစ်အတွင်းက အခိုင်အမာဆောက်လုပ်ထားသော သိုလှောင်ရုံ၊ ရိက္ခာစတိုးနှင့် ရဲဘော်များနေထိုင်ရာ တန်းလျား၊ ဟောခန်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

“အဆောက်အအုံတွေပြန်ဆောက်ဖို့အတွက် သစ်လုံးလေးတွေလိုအပ်မယ်။ လူနေအိမ်ပုံစံမျိုးအထိ ပြန်ချဲ့ ဆောက်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ အမိုးအကာတွေပြန်ကာဖို့၊  မိုးကာတွေရော၊ သွပ်တွေပါ အသစ်ပြန်ဝယ်ရတော့မယ်။ အဆောင်တွေလည်း ပြိုကျသွားတယ်” ဟု CDF-KKG သတင်းတာဝန်ခံက ပြောသည်။

ပျက်စီးသွားခဲ့သည့် အဆောက်အအုံအချို့ကို ယခုပြန်လည်ဆောက်လုပ်နေပြီး လိုအပ်ချက်များကို  တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီလှူဒါန်းပေးကြပါရန် တိုက်တွန်းကြောင်း CDF-KKG သတင်းတာဝန်ခံက ပြောသည်။

 

ထို့ပြင် အချို့အဆောက်အအုံများတွင် အသုံးပြုသော တိုင်လုံးများသည် တစ်နှစ်ခန့်ကြာလျှင် ဆွေးမြေ့လေ့ရှိသောကြောင့် တစ်နှစ်တစ်ကြိမ်ခန့် လဲပေးရကဲ့သို့ မိုးကာများသည်လည်း ဆယ်လခန့်သာအသုံးပြု၍ ရနိုင်သောကြောင့် လဲပေးရမည်ဖြစ်သည့်အတွက် စခန်းတွင်းရှိ အဆောက်အအုံများအတွက် လိုအပ်ချက်များစွာ ရှိနေကြောင်း သိရသည်။

 

ဓာတ်ပုံ – CDF-KKG