မီးပျက်နေသည့်အချိန် ဘုန်းကြီးကျောင်းထဲ ဝင်ခိုးသူနှစ်ဦး ရုတ်တရက်မီးလာ၍ ရပ်ကွက်ကဖမ်းမိ

Author အောင်နိူင်သူ
Categories
Published on Sep 26, 2022

လှည်းကူးမြို့နယ် မြို့မရပ်ကွက်တွင် ယနေ့မနက်အစောပိုင်းမီးပျက်နေသည့် အချိန်၌ ဘုန်းကြီး ကျောင်းအတွင်းသို့ ဝင်ရောက်ခိုးယူသည့် အမျိုးသားနှစ်ဦးအား ရုတ်တရက်မီးလာ၍ ရပ်ကွက်က ဖမ်းမိခဲ့သည်ဟု မြို့ခံတွေဆီကသိရသည်။

လှည်းကူးမြို့ပေါ်နှင့် ရပ်ကွက်များအတွင်း လိုက်လံခိုးယူနေသူဟု စွပ်စွဲခံရသူနှစ်ဦးသည် ယနေ့ မနက် ၃ နာရီခွဲက မီးပျက်နေသည့်အချိန်တွင် ဘုန်ကြီးကျောင်းတစ်ကျောင်းသို့ ဝင်ခိုးရာ ပစွည်းများယူပြီးပြန်အထွက် မီးရုတ်တရက်လာ၍ ရပ်ကွက်က ဖမ်းမိခဲ့တာဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးကပြောသည်။

“လှည်းကူးမှာ မနက်ဆို သုံးနာရီက စပြီး ခြောက်နာရီအထိမီးပျက်တာ အဲ့လိုဆိုရင် သူတို့နှစ်ဦးကို မိမှာမဟုတ်ဘူး အခုမီးက နာရီဝက်ပဲပျက်ပြီး ပြန်လာတော့ ကျောင်းကအထွက်မှာ သူတို့ကိုမိတာ”ဟု ရှင်းပြသည်။

ပစွည်းခိုးယူသူနှစ်ဦးမှာ မီးပျက်နေသည့်အချိန်ဝင်ခိုးပြီးပြန်အထွက် ရုတ်တရက်မီးလာကာ ဆွမ်းချက်သည့် လူအများအလယ်တွင် ရောက်နေ၍ ဖမ်းမိတာဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“ရပ်ကွက်တွေမှာ လိုက်ခိုးနေတာကြာပြီ သူတို့ကိုမမိဘူး ဘယ်လိုပဲဖမ်းဖမ်း၊ အခုတောင်မီးမလာရင် အသက်ကြီးတဲ့သူတွေဆိုတော့ သူတို့ကိုမြင်မှာမဟုတ်ဘူး ရပ်ကွက်ကမရိုက်ပါဘူး ရဲစခန်းပို့လိုက်တာ သူခိုးတွေက EPC ကို ဒေါသထွက်ပြီး ဆဲသွားတယ်” ဟု ပြောသည်။

လက်ရှိအခြေအနေတွင် ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံရသည့် အမျိုးသားနှစ်ဦးကို လှည်းကူးမြို့မရဲစခန်းက ဥပဒေအရအရေးယူနိူင်ရန် စစ်ဆေးနေသည်ဟု မြို့ခံတွေဆီက သိရသည်။