အောက်သစ်လုံးရွာက စစ်ကောင်စီတပ်အတိုက်ခံရပြီး နှစ်ဦးသေ

Published on Apr 02, 2024

ပဲခူးတိုင်း၊ သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အောင်ချမ်းသာ အောက်သစ်လုံးကျေးရွာတွင် ယာယီတပ်စွဲထားသော စစ်ကောင်စီတပ်ကို ဧပြီ ၁ရက် နံနက် ၁၀နာရီခန့်က တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား  နှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

 

တိုက်ပွဲဖြစ်ပွားနေစဉ် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှစ်ဦး ထိမှန်သေဆုံးခဲ့ပြီး လက်နက်ကြီးလက်နက်ငယ်များပစ်ခတ်မှုကြောင့်လည်း အထိအခိုက်အကျဆုံးရှိနိုင်ကြောင်း ရဲဘော်ဂျူပီတာမှ CJ Platform သို့ပြောသည်။

 

“နှစ်ကောင်သေတာတော့ ကျွန်တော်တို့မျက်မြင်ဆိုတော့ အတည်ပြုနိုင်ပါတယ်ဗျ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်မှုမှာလည်း အကျအဆုံးရှိနိုင်ပါတယ်”ဟု အထက်ပါရဲဘော်က ပြောသည်။

 

ထို့နောက် စစ်ကောင်စီတပ်ဘက်မှ ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးများအပြင် ဒရုန်းများကိုပါ အသုံးပြုတိုက်ခိုက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ခန့်ကြာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိဆုတ်ခွာလာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သည် ခပေါင်းကျေးရွာဘက်သို့ ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် ဆုတ်ခွာသွားကြောင်းသိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင်၊ အမှတ်(၁) တပ်ရင်း – ၃၈၀၁ တပ်ခွဲ(၂) PHOENIX D F၊ တပ်ခွဲ(၄) Bamar Revolution Army (BRA) နှင့် ပြည်ခရိုင်တပ်ရင်း-၃၆၀၁ တပ်ခွဲ(၂) AYEYAR NYI NAUNG မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

မတ် ၃၁ရက်ကလည်း နတ်တလင်းမြို့နယ် သရက်စမ်းကျေးရွာအနီးတွင် အမှတ် (၁) တပ်ရင်း၊ ၃၈၀၁ တပ်ခွဲ( ၂) Phoenix D F ရဲဘော်များနှင့် တပ်ခွဲ (၄) BRA Bamar Revolution Army တို့ပူးပေါင်းတိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်သားတစ်ဦး စနိုက်ပါထိမှန်သေဆုံးခဲ့သည်။