တိုက်ပွဲများ ပြင်းထန်လာနိုင်သဖြင့် အမ်း-ပဒါန်း ကားလမ်းကို ပိတ်သိမ်းကြောင်း AA အရေးပေါ် ထုတ်ပြန်

Author လင်းနွေဦး
Categories
Published on Apr 02, 2024

ရခိုင်ပြည်နယ်အစပ် အမ်းမြို့ နှင့် မကွေးတိုင်းအကြား အများပြည်သူသွားလာရာ ကားလမ်းများတွင် စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသဖြင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သောကြောင့် အမ်း-ပဒါန်း ကားလမ်းကို (ရက်) အကန့်အသတ်မရှိ ပိတ်သိမ်းကြောင်း ရက္ခိုင့်တပ်တော် AA မှ ယနေ့ ဧပြီ ၂ရက်တွင် အရေးပေါ်ထုတ်ပြန်လာသည်။

 

စစ်ကောင်စီတပ်များမှ အမ်းမြို့ နှင့် မကွေးတိုင်းသို့ ဆက်သွယ်ထားသော ကားလမ်းမများတွင် စစ်သည်အင်အားတိုးချဲ့ခြင်း၊ တပ်ရွှေ့ပြောင်းခြင်း၊ ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများကို အရပ်သားကားများဖြင့် သယ်ဆောင်ခြင်း၊ ကားလမ်းမ ဘေးဝဲယာတစ်လျှောက် စွန့်လွှတ်မိုင်းများ ထောင်ခြင်းများ လုပ်ဆောင်နေခြင်းကြောင့် ယခုကဲ့သို့ အရေးပေါ် ကြေငြာရခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော်AA၏ ထုတ်ပြန်ချက်အတွင်းဖော်ပြသည်။

 

မတ် ၂၆ရက်မှစတင်ကာ မကွေးတိုင်း ၊ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာအနီး စစ်ကောင်စီ လက်အောက်ခံ အင်အား (၄၀)ခန့်ပါ စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ယင်းနောက် မတ် ၂၈ရက်က ငဖဲမြို့နယ်၊ ချောင်းဖျားရွာတောင်ဘက်တွင် အင်အား (၄၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ထပ်မံ တိုက်ပွဲများဖြစ်ပွားခဲ့ကာ ယနေ့အချိန်ထိ မကွေးတိုင်းအတွင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟု ရက္ခိုင့်တပ်တော်မှ ဆိုသည်။

 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ရက်မှစတင်သော ရခိုင်ပြည်အနှံ့အပြား စစ်ကောင်စီတပ်စခန်း ကင်းစင်ရေး စစ်ဆင်ရေးများအတွင်း မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံမြို့ နှင့် ရမ်းဗြဲမြို့ တို့ကို ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ထားသည့်အပြင် ရသေ့တောင်၊ မောင်းတောမြို့ များအတွင်း စစ်ကောင်စီ စစ်စခန်းများကြီးများကို ထပ်မံသိမ်းပိုက်ထားကာ ၎င်းတို့၏ စစ်ရေးရည်မှန်းချက်များ ပြည့်ဝသည်အထိ စစ်ဆင်ရေးများ ဆက်လက်ဖော်ဆောင်သွားမည်ဟု ရက္ခိုင့်တပ်တော်မှ ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ-AA info Desk

Related News

Depend on news