စစ်ကိုင်းက ရွာများထဲ အင်အားရာချီရှိ စစ်ကြောင်းဝင်လာ၍ ဒေသခံ ၄၀ဝ၀ ထက်မနည်း အရေးပေါ်တိမ်းရှောင်၊ ဖမ်းဆီးခံရသူ ဆယ်နှင့်ချီ၍ရှိနေ

Author မင်းထက်
Categories
Published on Mar 29, 2024

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မန္တလေး-စစ်ကိုင်း-မုံရွာ လမ်းတစ်လျှောက်ရှိ ရွာ ခြောက်ခုက ဒေသခံ လေးထောင်ဦးထက်မနည်း အင်အားရာချီပါဝင်သည့် စစ်ကောင်စီစစ်ကြောင်း ဝင်လာ၍ အရေးပေါ်တိမ်းရှောင်နေရကြောင်း တိမ်းရှောင်ဒေသခံများထံမှ သိရသည်။
 
ယနေ့ မတ်လ ၂၉ ရက် နံနက်အစောပိုင်းမှစတင်၍ မောင်းထောင်၊ ညောင်ပင်ဝန်း၊ ညောင်ပင်သာ၊ ကင်းရွာ၊ ပေါက္ကားနှင့် နုံးတွင်းရွာတို့မှ ဒေသခံများ ရုတ်တရက် ရှောင်တိမ်းနေရခြင်းဖြစ်သည်။
 
“မနက်စောစောပိုင်းတည်းက ပြေးနေရတာ။ နုံးတွင်းကနေ ညောင်ပင်ဝန်းတံတားထိပ်ထိ ပိတ်ထားတယ်ကြားတယ်။ ညောင်ပင်ဝန်းအနီးအနားကရွာတွေတော့ ပြေးနေကြရတယ်။ လမ်းပေါ် စစ်သားတွေ မဲလို့၊ တစ်ရာကျော်ကိုရှိမှာ။ လမ်းကြောင်းရှင်းတာလား။ ဘာအတွက်ဆိုတာတော့ သေချာမသိဘူး” ဟု တိမ်းရှောင်နေရသူ ပေါက္ကားကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။
 
ထိုလမ်းပိုင်းတွင် ခရီးသွားလာခြင်းများပိတ်ဆို့ထားသည့်အပြင် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် အရပ်သားများလည်းရှိကြောင်း ယင်းဒေသခံများက ပြောသည်။
 
“လမ်းပိုင်းပေါ်မှာ သွားတဲ့သူတွေနဲ့ တောထဲ အလုပ်လုပ်တဲ့သူတွေရောအပါ ၄၀ နီးပါးလောက်ထိ ဖမ်းထားတယ်လို့လည်းကြားရတယ်။ လမ်းကြောပေါ် တက်လို့တော့မရဘူး” ဟု ညောင်ပင်ဝန်းဒေသခံတစ်ဦးက ပြောသည်။
 
ဖမ်းဆီးခံရသူများနှင့်ပတ်သက်၍ CJ Platform အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
 
ထို့ပြင် ဒေသတွင်းမငြိမ်သက်မှုများကြောင့် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရပြီး တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ အထိအခိုက်ဖြစ်ပေါ်ခဲ့ကြောင်း ဒေသတွင်းစစ်ရေးသတင်းများသိရှိသည့် ဘုန်းတော်ကြီးတစ်ပါးက CJ Platform သို့မိန့်သည်။
 
“စစ်သားတွေများနေတာ ဟုတ်ပါတယ်။ အင်းအားက များတယ်။ ဖြန့်ထားတယ်ဆိုတော့ ညောင်ပင်ဝန်းနားက ဘေးရွာတွေအကုန် မငြိမ်မသက်ဖြစ်နေရတယ်။ ပြေးနေရတယ်။ သူတို့က ရမ်းပစ်ကြတယ်။ မထင်ရင် မထင်သလို လက်နက်ငယ်တွေနဲ့ ပစ်တယ်။ မနေ့(မတ်လ ၂၈ ရက်)ကဆို သူတို့တားတဲ့ ကားတန်းက နုံးတွင်းကနေ ညောင်ပင်ဝန်းထိကို ကားတန်းရှည်ကြီး ဖြစ်နေတယ်ကြားတယ်။ တော်လှန်ရေးတပ်တွေကလည်း ငှက်(ဒရုန်း)နဲ့ တိုက်တာမျိုးတွေ ရှိတယ်။ မနေ့က ငှက်ပြန်တာ ခ(စစ်သား)တွေနေတဲ့ ကတုတ်ကျင်းထဲကျတာ။ အထိနာတယ်လို့ သိရတယ်” ဟု ဆရာတော်က မိန့်ကြားသည်။
 
တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကို အကာအကွယ်ယူရန် စစ်ကောင်စီတပ်သားများက ခရီးသွားကားများကို ပိတ်ဆို့ထားခြင်းကြောင့် ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ပြည်သူကို ငဲ့ညှာသောကြောင့် ထိရောက်စွာ မတိုက်ခိုက်နိုင်သေးကြောင်း အထက်ပါဘုန်းတော်ကြီးက ဆက်လက်မိန့်ကြားသည်။
 
ယမန်နေ့ မတ်လ ၂၈ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ နုံးတွင်းကျေးရွာတွင် တပ်စွဲ၍ မုံရွာ-မန္တလေး လမ်းပိုင်းရှိ ခရီးသွားပြည်သူများကို ငွေညှစ်ဆက်ကြေးကောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ တပ်သား သုံးဦး နေရာတွင် သေဆုံးခဲ့ကြောင်း Black Eagle Defence Force-MMU က သတင်းထုတ်ပြန်ထားသည်။
 
ယနေ့မတ်လ ၂၉ ရက်နေ့မှစ၍နောက်ထပ် ကြေညာချက်တစ်စုံတစ်ရာမထုတ်ပြန်မီအချိန်ထိ မုံရွာ-မြင်းမူ-စစ်ကိုင်း-မန္တလေးလမ်းပိုင်းကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

Related News

Depend on news