ပခုက္ကူတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၁၁ ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရ

Author လဂွန်းအိမ်
Categories
Published on Mar 29, 2024

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ တပ်မ (၁၀၁)မှထွက်ခွာလာသော စစ်‌ကောင်စီ ကားနှစ်စီးကို တော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့ မတ်လ ၂၈ ရက်က ကန်တော်ကျေးရွာအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁၁)ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း Black Cobra Force ထံမှ သိရသည်။

 

စစ်ကောင်စီတပ်သား ၇၀ ဦးကျော်ပါ မော်တော်ယာဉ်တန်းနှစ်စီးကို မြိုင်ပကဖနှင့် Black Cobra Force တို့ဦးဆောင်၍ ညနေငါးနာရီကျော်တွင် အထူးစီမံထားသောမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

မိုင်းခွဲမှုကြောင့် မော်တော်ယာဉ်ရှေ့ဘီးနှစ်ခုကျွတ်ထွက်သွားခဲ့ပြီး ရှေ့ဆုံးကားပေါ်လိုက်ပါလာသော စစ်ကောင်စီတပ်သား (၃၃)ဦးအနက် ၁၁ ဦးပွဲချင်းပြီး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့ကြောင်း Black Cobra Force ထံမှ သိရသည်။

 

“တပ်မ (၁၀၁) ကထွက်လာတော့ ကိုယ်တွေဘက်က အဆင်သင့်စောင့်ကြိုပြီး ဆွဲတာဆိုတော့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ ဘေးကင်းစွာနဲ့ဆုတ်ခွာနိုင်ပါတယ်ဗျ” ဟု Black Cobra Force မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

ထို့ပြင် မိုင်းဆွဲတိုက်ခိုက်ရာ၌ မိုင်များကို ၈ လုံးတစ်ပွိုင့် ၆ လုံးတစ်ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့၍ မသေဆုံးသည့် စစ်ကောင်စီတပ်သားများမှာလည်း အကောင်းပကတိမကျန်ရှိဘဲ ခြေကျိုး၊ လက်ကျိုး၊ နံရိုးကျိုးဒဏ်ရာများရရှိကာ ပေါက်မြို့သို့ ဆက်လက်သွားနိုင်ခြင်းမရှိ‌တော့သည့်အတွက် ဒဏ်ရာရသူများကို ကန်တော်ကျေးရွာတွင် အခြေပြုဆေးကုသနေကြောင်း ၎င်းက ဆိုသည်။

 

စစ်ကောင်စီထံ တာဝန်မထမ်းဆောင်လို၍ တိမ်းရှောင်ထွက်ပြေးလာသူများကို ညီအစ်ကိုရင်း၊ မောင်နှမရင်းပမာစောင့်ရှောက်ထားပြီး ပြည်သူ့ရင်ခွင်မခိုလှုံဘဲ ဆက်လက်မိုက်မဲနေပါက အသက်ချမ်းသာပေးမည်မဟုတ်ကြောင်း Black Cobra Force Pokokku အဖွဲ့က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖ ၊ Black Cobra Force Pokokku ၊ PKU Thurain၊ DMG ဓားမင်းကြီးတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး ထပ်မံမိုင်းဆွဲတိုက်ခိုက်ရန် ပြင်ဆင်ထားကြောင်း Black Cobra Force Pokokku တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။