မကွေးတိုင်းထဲထိ AA ဝင်ရောက်တိုက်ခိုက်၊ ငဖဲမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးသေပြီး ၂၀ နီးပါးဒဏ်ရာရ

Author ကိုထားဝယ်
Categories
Published on Mar 29, 2024

ရက္ခိုင့်တပ်တော် AA သည် ပြီးခဲ့သည့်မတ်လ ၂၆ နှင့် ၂၈ ရက်နေ့တို့တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲအထိ စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ယနေ့ညပိုင်း AA ထုတ်ပြန်ချက်အရ သိရသည်။

 

မတ်လ (၂၆) ရက် နံနက် (၁၀) နာရီ (၄၈) မိနစ်ခန့်က ရခိုင်ရိုးမနှင့်ကပ်လျက်တည်ရှိသည့် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာ အရှေ့မြောက်ဘက် မီတာ(၁၅၀ဝ)ခန့်အကွာတွင် အင်အား(၄၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ မျက်မြင် လေးဦးသေဆုံးခဲ့ပြီး ရှစ်ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု AA က ဆိုသည်။

 

ထို့နောက် မတ်လ (၂၈) ရက်၊ နံနက် (၈) နာရီ (၅၈) မိနစ်ခန့်တွင် ငဖဲမြို့နယ်၊ ချောင်းဖျားရွာ တောင်ဘက် မီတာ (၇၀ဝ) ခန့်အကွာရှိ တောင်ကြော၌ အင်အား(၅၀)ဦးခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က မျက်မြင် (၆) ဦးသေဆုံးသည့်အပြင် (၁၀) ဦးခန့်ဒဏ်ရာရရှိခဲ့သည်။ ထိုတိုက်ပွဲအတွင်း လက်နက်နှင့် ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ထို့ပြင် ရခိုင်ပြည်၊ ဘူးသီးတောင်၊ အမ်းနှင့် မြေပုံမြို့နယ်တို့ရှိ စစ်ကောင်စီတပ်များနှင့် ရက္ခိုင့်တပ်တော်တို့ကြား မတ်လ ၂၅ ရက် မှ ၂၈ ရက်အထိ သုံးရက်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာတွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာစခန်းကို မတ်လ ၂၅ ရက်နေ့တွင် AA က သိမ်းပိုက်ရရှိခဲ့သည်။

မတ်လ (၂၅) ရက်၊ နံနက်(၁၁)နာရီ (၃၆)မိနစ်ခန့်တွင် ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင်ရွာ တောင်ဘက် (၄) ကီလိုမီတာခန့်အကွာ ဘူးသီးတောင်-မောင်တောကျော်လမ်း၌ စစ်ကောင်စီ၏ ဘူးသီးတောင်ဗျူဟာလက်အောက်ခံ၊ ခလရ (၂၃၄) တပ်ရင်းမှ အင်အား (၅၀) ခန့်ရှိ စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား မျက်မြင် (၈) ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

 

ရက္ခိုင်ဒေသဌာနချုပ်(တစ်နည်း)အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်၊ လုံးကျေးရွာ အနောက်ဘက် မီတာ (၁၄၀ဝ) ခန့်အကွာတွင် စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ (၃၄၆)နှင့် တခြားတပ်များမှ စုပေါင်းထားသောစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ မတ်လ (၂၆) ရက်နေ့၊ နံနက် (၁၀) နာရီ (၁၈) မိနစ်ခန့်က မိနစ် (၃၀) ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

ထိုတိုက်ပွဲအတွင်း ဒရုန်း၊ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများပေးခဲ့သော်လည်း စစ်ကောင်စီဘက်က (၁၅) ဦးခန့်ကျဆုံးပြီး (၁၅) ဦးခန့်ဒဏ်ရာရရှိခဲ့သည့်အပြင် လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။ AA ဘက်မှ တပ်ဖွဲ့ဝင် (၂) ဦး အသေးစားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

ထို့ပြင် မတ်လ (၂၈) ရက်နေ့၊ နံနက် (၈) နာရီ (၄၅) မိနစ်ခန့်တွင် မြေပုံမြို့နယ်၊ လီသွန်ကျေးရွာ အရှေ့မြောက်ဘက် မီတာ(၂၄၀ဝ)ခန့်အကွာ တောင်ကြော၌ စစ်ကောင်စီ၏ အမှတ် (၃) နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုလက်အောက်ခံ၊ ခမရ (၅၆၃) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

ထို့ပြင် ရက္ခိုင့်တပ်တော်အနေဖြင့် အပြီးသတ်သိမ်းပိုက်နိုင်ရေးကြိုးစားနေသော မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကို ထိုးစစ်အရှိန်တစ်ဆင့်ပြီးတစ်ဆင့်မြှင့်ကာ တိုက်ခိုက်လျက်ရှိသကဲ့သို့ စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူအများအပြားနှင့် မရပ်မနားအသည်းအသန် ခုခံနေသည်ဟု သိရသည်။

Related News

Depend on news