ရခိုင်တွင် စစ်ကောင်စီက ကုန်စည်နှင့် ဆေးဝါးဖြတ်တောက်ထားသည့်အပြင် လမ်းပိတ်ထားသဖြင့် အသက်ဆုံးရှုံးရမှုများရှိဟုဆို

Author ကိုထားဝယ်/ကိုထက်
Categories
Published on Mar 26, 2024

ရခိုင်ပြည်တွင် အရှက်တကွဲစစ်ရှုံးနေသော စစ်ကောင်စီသည် ကုန်စည်နှင့် ဆေးဝါးဖြတ်တောက်ထား၍ ဆေးရုံများ၌ ဆေးဝါးပြတ်တောက်မှုမြင့်တက်လာသည့်အပြင် ဆေးမကုနိုင်ရန် လမ်းများပိတ်ဆို့ထားသဖြင့် အသက်ဆုံးရှုံးရမှုများရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှတ်တမ်းနှင့် သုတေသနဌာန၏ စောင့်ကြည့်လေ့လာမှုအရ သိရသည်။

 

မည်သည့်မြို့နယ်များတွင် ယင်းသို့ဖြစ်ပေါ်နေသည်နှင့်ပတ်သက်၍ AAPP ၏ ထုတ်ပြန်ချက်အတွင်း ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။

 

သို့သော် စစ်ကောင်စီသည် ရခိုင်တောင်ပိုင်းမြို့နယ်များတွင် အထက်ပါအတိုင်း လမ်းများဖျက်ဆီးပြီး ကုန်စည်နှင့် ကူးသန်းသွားလာမှုကိုဖြတ်တောက်ထားသည်ဟု CJ Platform ဿတင်းဌာနမှ စုံစမ်းသိရှိရသည်။

 

ရခိုင် တောင်ပိုင်းနှင့် မြောက်ပိုင်းကို အဓိကဆက်သွယ်ပေးသည့် လမ်းမကြီးတစ်ခုဖြစ်သော တောင်ကုတ်-မအီ လမ်းပိုင်းတစ်နေရာကို စစ်ကောင်စီ လက်အောက်ခံများက ဖျက်ဆီးမှုများ မတ်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည်။

 

ထို့ပြင် စစ်ကောင်စီ အရာရှိများနှင့် ကုန်သည်များ ပူးပေါင်းဈေးကစားမှုကြောင့် စက်သုံးဆီ၊ စားသောက်ကုန်နှင့် နေ့စဉ်သုံးကုန်ပစ္စည်းဈေးနှုန်းများ သုံးဆခန့်အထိ မြင့်တက်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

 

ထို့ပြင် စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း လူမျိုး‌ရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေရန် သွေးထိုးလှုံ့ဆော်နေသည်ဟု AAPP မှတ်တမ်းနှင့် သုတေသနဌာနက ဆိုသည်။

 

ယင်းအပြင် ရခိုင်ပြည် နိုင်ငံသားမှတ်ပုံတင်အမှတ်(၁၁/)ကိုင်ဆောင်သူများကို ပြည်တွင်း၌ ခရီးသွားလာခွင့် မပြုရန်နှင့် လက်မှတ်များ မရောင်းချရန် ယာဉ်လိုင်းများနှင့် ခရီးသွားအေဂျင်စီများကို ညွှန်ကြားထားကြောင်း AAPP က ဆိုသည်။

 

သို့သော် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကွင်းအတွင်းရှိ အဝေးပြေးယာဉ်လိုင်းအချို့ကို CJ Platform က ပြီးခဲ့သည့်ရက်ပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာတွင် အထက်ပါအတိုင်းမဟုတ်ကြောင်း ပြန်လည်ဖြေကြားသည်။

 

“၁၁/ တွေကိုက လမ်းကဂိတ်တွေရောက်ရင် ပိုစစ်တာတွေလုပ်တယ်ဗျ။ တချို့ယာဉ်တွေက ပြဿနာတစ်ခုခုဖြစ်မှာစိုးလို့ စိုးရိမ်ပြီး လက်မှတ်မရောင်းကြတာပါ” ဟု အောင်မင်္ဂလာအဝေးပြေးကွင်းအတွင်းရှိ ယာဉ်လိုင်းတာဝန်ခံတစ်ဦးက ‌ပြောသည်။

 

အလားတူ ရခိုင်ပြည်နယ် မှတ်ပုံတင်မကိုင်ဆောင်သော်လည်း စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သည့် ပြည်သူများကိုလည်း သက်ဆိုင်ရာမြို့နယ်များက ထောက်ခံစာများပါမှသာလျှင် ခရီးသွားလက်မှတ်များကို ရောင်းချရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

Related News

Depend on news