ကရင်နီတွင် စစ်ဘေးရှောင်များ ပိုမိုများပြားလာပြီး သောက်သုံးရေလိုအပ်ချက်ကြောင့် ကျန်းမာရေးများပါ ထိခိုက်လာ

Author မင်းထက်
Categories
Published on Mar 25, 2024

ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ရေးပြင်းထန်နေပြီး စစ်ရှောင်များ ပိုမိုများပြားလာကာ သောက်သုံးရေရှားပါးပြတ်လပ်မှုနှင့် ကျန်းမာရေးဆိုင်ရာ အကူညီများ များစွာ လိုအပ်နေကြောင်း  ကရင်နီစစ်ဘေးဒုက္ခသည် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများထံက သိရသည်။

ဒီမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း ၊လွိုင်ကော်အ​ရှေ့ခြမ်း ၊ဖရူဆို၊ဘော်လခဲနှင့် ဖားဆောင်းမြို့နယ်များရှိ သောင်းနှင့်ချီသော စစ်ဘေးရှောင်နေကြရသူများသည် စားနပ်ရိက္ခာလိုအပ်ချက်အပြင် ရေရှားပါးပြတ်လတ်မှုဒဏ်ကို အဓိကခံစားနေကြရကြောင်း၊ ရေအရင်းမြစ်ရနိုင်သော တောတောင်နေရာများကိုရွေးချယ်ကာ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း စစ်ရှောင်ကူညီမူပေးနေသူများ၏ ပြောဆိုချက်အရ သိရသည်။

 

“အခုက စစ်ရှောင်ဦးရေက ပိုများလာတာပေါ့နော် လက်ရှိဒီမော့ဆိုမှာ ဖြစ်တုန်းက ရှောင်နေကြရတဲ့ လူဦးရေထက် သုံး၊လေးဆလောက်ပိုများလာတယ်။ ပထမဆုံး လွိုင်ကော်ဖြစ်လို့ ဒီအနာက်ဘက်ခြမ်းကို ရောက်လာတယ်။ တချို့က ရှမ်းပြည်ဘက်ကို သွားကြတယ်။ ခုက ပင်လောင်းဘက်၊ ဆီဆိုင်ဘက်မှာဖြစ်တယ် ။ တောင်ကြီးလဲ လှုပ်လှုပ်ဖြစ်တဲ့တွက် အဲ့ဘက်မှာရှောင်နေတဲ့ ကရင်နီကစစ်ရှောင်တွေ ဒီထဲပြန်လာတော့စစ်ဘေးရှောင်ပိုများလာတာပေါ့ “ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူ ကိုကောင်းမြတ် (Jobs fo Kayah) ကပြောသည်။

ရေရှားပါးမှု ​နောက်ဆက်တွဲအဖြစ် အရေပြားဆိုင်ရာ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်မှုအနေထားသည်   မည်မျှရှိနေသည်ကို  မသိရသေးကြောင်း၊  လာမည့် ၄ လ ပိုင်း၊ ၅လပိုင်းကာလများတွင် ရေလုံလောက်စွာမရရှိပါက တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် အရေးပြားရောဂါများ ပို၍ဖြစ်လာနိုင်ချေများကြောင်း သိရသည်။

 

“လောလောဆယ်ကျွန်တော်တို့ လှူတဲ့ရေက ထမင်းဟင်းချက်ဖို့နဲ့ သောက်သုံးရေအတွက် အဓိကသုံးကြတာပေါ့။ ရေချိုးဖို့ အဝတ်လျှော်ဖို့ကတော့ မလုံလောက်ဘူးဗျ။ ထုံးစံအတိုင်း အခြားနေရာမှာ သွားချိုးတယ်။ သောက်သုံးရေ မရတဲ့စစ်ဘေးရှောင်နေရာတွေထဲမှာ အဓိက ဖရှုဆိုဘက်ဆို အရမ်းခက်ခဲတယ်။ရေရှိတဲ့နေရာ ဝေးဝေးကိုသွားပြီး တစ်လဘယ်နှခါဆိုလဲ မသိဘူး သွားချိုးရတယ်။ အဲ့လိုတွေကြောင့် ကလေးတွေဆို အနံ့သက်တွေ ထွက်တာရှိတယ်။ အရေပြားမှာ ယားနာလိုအဖုတွေထွက်တာတွေ့ရတယ်”ဟု ကရင်နီစစ်ဘေးဒုက္ခသည် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူ မြေပြင်တာ၀န်ခံတစ်ဦးက ပြောသည်။

 

ယခုကဲ့သို့ ပူပြင်းခြောက်သွေ့သော မတ်လ နွေရာသီကာလများမှစတင်ပြီး  မေလအထိ သောက်သုံးရေမရရှိသည့် အခက်ခဲကို ကြုံတွေ့ရကြောင်း ၊ သောက်သုံးရေအခက်ခဲပြဿကို ယမန်နှစ်စစ်ဘေးရှောင်ကာလများကလည်း ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

” နွေရာသီရောက်တိုင်းရေပြတ်တယ် နှစ်တိုင်းပဲပေါ့ ။ အရင်နှစ်တွေကတော့ အခမဲ့ လိုက်လှူပေးတယ်။ ကားလဲရှိတယ်ပေါ့။ ခုတော့ အဲ့ကားလဲ ပျက်လို့သုံးမရတော့ဘူး၊ လှူချင်ရင် ဂါလံ ၁၂၀၀ ရေကားတစီးကို ၅သောင်းကနေ ဝေးရင် ၇သောင်းထိပေးပြီး လှူရတယ်”ဟု ကရင်နီစစ်ဘေးဒုက္ခသည် ကူညီကယ်ဆယ်ရေးအဖွဲ့ (Karenni Hope) မြေပြင်တာဝန်ခံကိုလွမ်းက ပြောသည်။

 

စစ်ရှောင်ဦးရေများပြားလာသောကြောင့် မိုးရေသိုလှောင်မှုမှာလည်း လုံလောက်မှုမရှိကြောင်း၊ ရေသိုလှောင်မှုကိုလည်း အကူညီရရှိမှုပေါ်တည်၍ အုတ်ကန်၊မိုးကာ အစရှိသည်များနှင့် သိုလောင်ထားရှိကာ ယင်းလိုအပ်ချက်များအတွက် ဒေသအခြေစိုက် စစ်ရှောင်ကူညီရေးအဖွဲ့များက ၀ိုင်းလှူဒါန်းဖြည့်ဆည်းပေးခြင်းများ ရှိနေ‌သော်လည်း လိုအပ်ချက်များရှိနေကြောင်း ကိုလွမ်းက ဆက်လက်ပြောသည်။

 

ထို့အပြင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေ​ကို အသက်သွင်း လုပ်ဆောင်နေမှုများကြောင့် အခြားသောနယ်မြေများတွင် စစ်ရှောင်နေကြရသော ကရင်နီပြည်သူများသာမက အခြားသော တိုင်းရင်းသားပြည်သူအချို့မှာ ကရင်နီပြည်သို့ တိမ်းရှောင်လာသောကြောင့်  ပြည်နယ်တွင်း စစ်ဘေးတိမ်းရှောင်သူများ တိုးပွားလာကာ ရေရရှိမှုနှင့် သုံးစွဲမှုပမာဏ မညီမျှမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။