ရသေ့တောင်က ခမရ ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်ရင်းတို့ကို တပြိုက်နက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၂၀၀ ခန့် ထွက်ပြေးလွတ်မြောက်
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်သော ခမရ ၅၃၆၊ ၅၃၇ နှင့် ၅၃၈ တို့ကို ယမန်နေ့ မတ်လ ၁၇ ရက် ညနေ ၄ နာရီခန့်က တပြိုက်နက်တည်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။
ရက္ခိုင့်တပ်တော် AA အနေဖြင့် အဆိုပါတပ်ရင်းသုံးခုစလုံးကို မတ်လ ပထမပတ်အတွင်းမှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၀ ရက်နေ့တွင် တစ်ဆင့်မြှင့်တိုက်ခိုက်ခဲ့သည်။ ထို့နောက် နှစ်ပတ်ခန့်အကြာ ယမန်နေ့က စခန်းသုံးခုစလုံးကို သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုတပ်ရင်းသုံးခုမှ စစ်ကောင်စီတပ်သား ၂၀၀ ခန့်သည် စစ်သင်္ဘောများဖြင့် ထွက်ပြေးလွတ်မြောက်သွားသော်လည်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ စစ်သင်တန်းပေးထားသော ဘင်္ဂါလီ(ရိုဟင်ဂျာ)အချို့၏ အလောင်းများ၊ စစ်ကောင်စီတပ်သား အလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု AA ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
ဆက်လက်၍ ဘူးသီးတောင်မြို့တွင်းရှိ စကခ(၁၅) လက်အောက်ခံ ခမရ (၅၅၂)တပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ရေး အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်နေကြောင်း AA က ဆိုသည်။