မြင်းခြံ လေးရွာဆုံကျောင်းထဲက စစ်ကောင်စီတပ်ကို မြေပြင်/ဝေဟင် ညှပ်တိုက်၊ သုံးဦးသေပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရ

Author လဂွန်းအိမ်
Categories
Published on Mar 17, 2024

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာရှိ စာသင်ကျောင်းဝန်းအတွင်း တပ်စွဲထားသော စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို ဝေဟင်နှင့် မြေပြင်ညှပ်တိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း နွားထိုးကြီးဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

ပျူရွာတစ်ရွာဖြစ်သော လေးရွာဆုံကျေးရွာအတွင်းက စစ်ကောင်စီအထိုင်တပ်သည် အာဏာသိမ်းပြီးချိန်ကတည်းက တပ်စွဲထားခြင်းဖြစ်ပြီး အင်အား ၅၀ ခန့်ရှိသည်ဟု သိရသည်။

 

အဆိုပါအထိုင်တပ်ကို မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း(NRDF)အပါအဝင် ပူးပေါင်းတပ်ဖွဲ့သည် မတ်လ ၁၄ ရက် နံနက် ၁၀ နာရီခန့်က ဝေဟင်မှ ဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

“ဝေဟင်ကနေ Fix Wing ဒရုန်းနဲ့ ဗုံးသီးချတာဗျ။ တိုက်ပွဲမှာ စစ်‌ေ-ွးသုံးကောင်ကျတယ်။ တပ်ကြပ်တစ်ဦး ဒဏ်ရာရတယ်ဗျ။ ပျူကတော့ ဗိုက်ထိထားတယ်။ ရန်သူ့ဘက်က လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူပေးတာမရှိပါဘူး” ဟု တိုက်ခိုက်ရာမှာပါဝင်ခဲ့သည့် နွားထိုးကြီးဒေသကာကွယ်ရေးတပ်ဖွဲ့(Natogyi Regional Defence Force)မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ထိုစခန်းတိုက်ခိုက်မှုတွင် မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း-NRDF ၊ မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်း၊ MGN Ranger-မြင်းခြံခရိုင်အမှတ်(၂)တပ်ရင်း၊ တပ်ခွဲ(၃)၊ မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်းနှင့် နွားထိုးကြီးဒေသကာကွယ်ရေးတပ်တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး တော်လှန်ရေးအင်အားစုများ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း